Wednesday, February 26, 2014

စံချိန်မမီ လမ်း၊ တံတား တည်ဆောက်မှု အစိုးရကြီးကြပ်မှုလိုဟု လွှတ်တော်ထောက်ပြ

မင်းမင်း

ဒေသအနှံ့ လမ်း၊ တံတားများ ဆောက်လုပ်ရာတွင် ကုန်ကျစရိတ် များလွန်းနေပြီး သတ်မှတ်သက်တမ်းအတွင်း ခံနိုင် ရည်၊ ခံ နိုင်ဝန်ရှိစေရန်နှင့် အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ရန် လိုအပ်နေသည်ဟု အမျိုးသားလွှတ်တော်၏ အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးမှု စီမံကိန်းများရေးရာကော်မတီ အစီရင်ခံစာတွင် ထောက်ပြထားသည်။

ပုဂ္ဂလိက ကုမ္ပဏီများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေကိုလည်း “လမ်း၊ တံတား ဖြတ်သန်းခများ ကောက်ခံရုံသာ မဟုတ်ဘဲ အဆင့်မီပြုပြင် ထိန်းသိမ်းမှုများ ရှိ၊ မရှိကို ကြီးကြပ်ရန် လိုအပ်သည်” ဟု ကော်မတီ၏ ၂၀၁၃-၁၄ ဘဏ္ဍာ နှစ် တတိယသုံးလပတ်ကုန်အထိ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ အကျဉ်းချုပ်တွင် ဖော်ပြထားသည်။

အစီရင်ခံစာနှင့် ပတ်သက်ပြီး ဆွေးနွေးလိုသည့် လွှတ်တော်အမတ်များ စာရင်းပေးရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဖေဖော်ဝါရီ ၂၄ ရက် မှာ လွှတ်တော်တွင် ကြေညာသည်။

စံချိန်မမီလမ်း၊ တံတားများ ဆောက်လုပ်ပြီး သတ်မှတ်ကာလထက် ကျော်လွန်နေသော်လည်း ပြီးစီးခြင်းမရှိသည့် ရွှေလွင်လွင် ဆောက်လုပ်ရေးကုမ္ပဏီကို အရေးယူရန် ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၆ ရက် အမျိုးသားလွှတ်တော် အစည်း အဝေးက ဆုံးဖြတ်ခဲ့သေးသည်။

အဆိုပါကုမ္ပဏီ တင်ဒါအောင်ထားသော နတ္တလင်းမြို့နယ်အတွင်း ခုနစ်မိုင် အရှည်ရှိသည့် နတ္တလင်း-ဒမငယ်-တောင် ညိုလမ်း ကျောက်ချောခင်းခြင်း လုပ်ငန်းတွင် သတ်မှတ်ထားသည့် ကျောက်ကို သုံးထားခြင်းမရှိဟု အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးသိန်းဝင်းက ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက မဇ္ဈိမကိုပြောခဲ့ဖူးသည်။

“ချောင်းကျောက်ကို နှစ်လက်မထု ခင်းရမယ်။ အပေါ်က အုပ်ပြီး ခင်းပေးရမှာ။ အဲ့ဒီအစား သူက မြေနီကျောက်စရစ် ကို သုံးလိုက်တယ်။ မြေနီကျောက်စရစ်က ကျောက်စရစ်များတဲ့ မြေဆိုရင် ကိစ္စမရှိဘူး။ အခုက ကျောက်နည်းနည်း လေးပါတဲ့ဟာကို သုံးလိုက်တဲ့အတွက် လမ်းက တာရှည်လည်းမခံဘူး” ဟု ၎င်းက ပြောသည်။

ယင်းအပြင် ရန်ကုန်မြို့ရှိ လမ်း၊ တံတားများအား ဆောက်လုပ်ရာတွင် စံချိန်မီအောင် ပြုလုပ်ခြင်းရှိ၊ မရှိ စစ်ဆေးပုံနှင့် စံချိန်မီအောင် မဆောင်ရွက်သည့် ၀န်ထမ်းကို မည်သို့အရေးယူပုံကို ဆိပ်ကမ်းမြို့နယ်ရှိ တိုင်းအမတ် ဦးနေမျိုးအောင် ကလည်း ၂၀၁၂ခုနှစ် စက်တင်ဘာလအတွင်းက ပြုလုပ်သည့် ရန်ကုန်တိုင်းလွှတ်တော်တွင် မေးခွန်းထုတ်ခဲ့ဖူးသည်။

No comments: