Friday, February 28, 2014

သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲခံရသည်ကို အရေးယူပေးရန်တိုင်ကြားစာ ရဲငြင်းပယ်

ရေခဲ(ပြည်)

သဲကုန်းမြို့နယ် သပိတ်စခန်းမှ လယ်သမားများက သပိတ်စခန်းဖြိုခွဲမှုတွင် ပါဝင်ပတ်သက်သူများကို အရေးယူပေးရန် သဲကုန်းမြို့နယ် ရဲစခန်းတွင် ဖေဖော်ဝါရီလ ၂၆ရက်က တိုင်တန်းရာ ရဲစခန်းက ပယ်ချလိုက်သည်ဟု လယ်သမားအရေး ကူညီဆောင်ရွက်နေသူ ကိုသန့်ဇင်ထက်က မဇ္ဈိမကို ပြောသည်။

လယ်သမားများက သပိတ်စခန်းကို အကြမ်းဖက်ဖြိုခွဲမှုတွင် ပါဝင်ပတ်သတ်သည့် မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဇော်အောင်၊ သဲကုန်း စခန်းမှူး ဦးမျိုးမြတ်စံ၊ ကြံ့ခိုင်ရေးပါတီမှ ဦးအောင်မြင့်နှင့် အမျိုးသမီး စွမ်းဆောင်ရှင်အသင်းခေါင်းဆောင် တို့ကို အရေးယူပေးရန် ရဲစခန်းတွင် သွားရောက်တိုင်တန်းခဲ့ရာ ငြင်းပယ်ခံလိုက်ရခြင်းဖြစ်သည်။

“လက်ခံပြီးကာမှ ကျင့်ထုံး၁၂၇၊ ၁၂၈အရ သူတို့ကို တရားဆွဲမယ်ဆိုရင် နိုင်ငံတော်သမ္မတဆီမှာ ခွင့်ပြုချက်တောင်းခံရမယ် ဆိုပြီး ငြင်းလိုက်တယ်ခင်ဗျ။ မြန်မာပြည်ရဲ့ တရားဥပဒေအရ အကြမ်းဖက်တဲ့လူကို တရားမဆွဲနိုင်ဘူးဖြစ်နေတယ်”ဟု ကိုသန့်ဇင်ထက်က ပြောသည်။

အကြမ်းဖက်ဖြိုခွဲခံရမှုကို အရေးယူပေးရန် နိုင်ငံတော်သမ္မထံ ခွင့်ပြုချက်တောင်းခံသွားမည်ဟုလည်း ကိုသန့်ဇင်ထက်က ပြော သည်။ သဲကုန်းသပိတ်စခန်းကို ဖေဖော်ဝါရီလ ၁၄ရက်က သဲကုန်းရဲစခန်းမှ ရဲများအပါအဝင် အရပ်သား ၅ဝခန့်က ကားနှစ်စီးဖြင့် လာရောက်ကာ ဖြိုခွဲခဲ့ခြင်းဖြစ်သည်။

သဲကုန်းစခန်းမှူး ဦးမျိုးမြတ်စံက သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲမှုတွင် ရဲ၊ ကြံ့ခိုင်ရေး၊ စွမ်းအားရှင်အမျိုးသမီးများ မပါဝင်ဟုငြင်းဆိုခဲ့ပါသည်။

“အောင်ကုန်းရွာကိုပြန်ဖို့ အခက်အခဲမရှိအောင် လိုက်ပို့ပေးတာပဲ ရှိပါတယ်။ သပိတ်စခန်းကို ဖြိုခွဲတာမရှိပါဘူး” ဟု သဲကုန်း စခန်းမှူး ဦးမျိုးမြတ်စံက ဆိုသည်။

သပိတ်စခန်းဖြိုခွဲမှုတွင် အကြမ်းဖက်ခံရ၍ ဆေးရုံရောက်သွားသူ ဒေါ်ညိုက “ကျွန်မခေါင်းမူးခြုံအိပ်နေတုန်း ဖျောင်းဖျောင်း ဆိုတဲ့အသံကြားရတယ်။ ဘာလဲဆိုပြီးကြည့်လိုက်တော့ ကြံ့ဖွတ်က အောင်မြင့်ဆိုတဲ့သူက ဆရာစံပုံကြီးကို ဖြဲပစ်တယ်။ ကြံ့ဖွတ်ကကောင်ကို နင်လူမိုက်လားဆိုပြီး လိုက်တဲ့အချိန် ခရိုင်မှူးနဲ့ ရဲမှူးဇော်အောင်က ဆွဲတွန်းတွန်းချတယ်။ ကျွန်မ အမြင့်ပေါ်က ကျတဲ့အခါ ကျောက်ခဲကြီးနဲ့ ပြေးဆောင့်တယ်။” ဟု ပြောသည်။

သဲကုန်းမြို့နယ် အောင်ကုန်းကျေးရွာမှ လယ်ယာမြေ(၁၁၅၉.၅၅)ဧကကို ၂ဝဝ၁ခုနှစ်တွင် စစ်တပ်ကသိမ်းယူခဲ့ပြီး အမှတ်(၃) လက်ကားသမဝါယမအသင်း လိမိတက်အမည်ဖြင့် ငါးကန်လုပ်ငန်းများ လုပ်ကိုင်နေသဖြင့် လယ်ယာမြေပြန်လည်ရရှိရေး အတွက် မူလပိုင်ရှင်လယ်သမားများက သဲကုန်းမြို့နယ် ရွှေဘုန်းရှိန်လမ်း ရပ်ကွက်(၁) အခြေခံပညာ မူလတတန်းကျောင်းရှေ့ တွင် ဖေဖော်ဝါရီလ (၁၁)ရက်က သပိတ်စခန်းဖွင့်လှစ်ခဲ့သည်။

ဖေဖော်ဝါရီလ(၁၁)ရက် ညနေတွင် ဆန္ဒပြခေါင်းဆောင်များကို ဖမ်းရန် ရဲတပ်ဖွဲ့က သပိတ်စခန်းကို ဝိုင်းခဲ့ပြီး ဖေဖော်ဝါရီ (၁၂) ရက် နံနက်တွင် ဆန္ဒပြခေါင်းဆောင်လေးဦး ရဲစခန်းသို့ သွားရောက်အဖမ်းခံခဲ့သည်။ ဖေဖော်ဝါရီ(၁၄)ရက် နံနက်(၇)နာရီတွင် ရဲတပ်ဖွဲ့ကသပိတ်စခန်းကို အကြမ်းဖက်ဖြိုခွဲခဲ့ရာ အမျိုးသမီးသုံးဦး ဒဏ်ရာရရှိခဲ့သည်။

သပိတ်စခန်းကို ဖြိုခွဲသည့်နေ့ နံနက်(၁ဝ)နာရီအချိန်တွင် ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို ကားပေါ်ဆွဲတင်ကာ မူလနေရပ်ဖြစ်သောအောင်ကုန်းရွာသို့ပြန်ပို့ခဲ့သည်။

No comments: