Wednesday, February 26, 2014

ရွေးကောက်ပွဲကျင်းပရက် တရားဝင်ကြေညာပြီးမှသာ အန်အယ်လ်ဒီ ရွေးကောက်ပွဲ ပြင်ဆင်ရေး စမည်

ဟိန်းကိုစိုး

ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို တရားဝင်ကြေညာမှသာလျှင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများနှင့် လုပ်ငန်းပြင်ဆင်ရေးများ ဆောင်ရွက်သွားမည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ် ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးဉဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

အန်အယ်လ်ဒီက ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုဆောင်ရွက်ခြင်းများ မရှိသေးဘူးဟု ၎င်းက ဆက်ပြောသည်။

“ရွေးကောက်ပွဲလုပ်မည့်ရက်ကို ကြေညာပြီးမှ ကိုယ်စားလှယ်လောင်းရွေးချယ်ရေးအဖွဲ့တွေ ဒီလိုအဖွဲ့ တွေဖွဲ့ပြီး ရွေးချယ်တာ ပြင်ဆင်တာတွေကို လုပ်မယ် အခုချိန်မှာတော့ ပါတီက ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတာတွေ မရှိပါဘူး။ ရွေးကောက်ပွဲအတွက် ပါတီက ပြင်ဆင်ရေးကို CEC အစည်းအဝေးမှာ ဆွေးနွေးတယ် ဆုံးဖြတ်ချက်တော့မချဘူး”ဟု ၎င်းက ပြောသည်။

ပါတီဝင်အင်အားတိုးမြှင့်ရေးနှင့် ပါတီတွင်း စည်းလုံးရေးလုပ်ငန်းများကို ဇန်န၀ါရီလအတွင်းက စတင်ပြီး တိုင်းနှင့်ပြည်နယ်အလိုက် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်(NLD)၏ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် များ ဦးဆောင်ပြီး စတင်ဆောင်ရွက်နေပြီ ဖြစ်သည်။ အဆိုပါ တာဝန်ပေးအပ်မှုများကို ဗဟိုအလုပ်မှု ဆောင်ကော်မတီဝင်အသီးသီးသို့ ဒီဇင်ဘာ ၂၇ ရက်တွင် ပါတီဗဟိုမှ ထုတ်ပြန်ကြေညာခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် သာမန်အားဖြင့် ရွေးကောက်ပွဲကျင်းပမည့်ရက်ကို မကျင်း ပမီ ခြောက်လအလိုတွင် ကြေညာပေးမည်ဟု ရည်မှန်းထားပြီး ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ်၏ နှစ်ကုန် ပိုင်းတွင် ကျင်းပသွားနိုင်ရန် ရည်မှန်းထားသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲ ဌာန ညွှန်ကြားရေးမှူးဦးသောင်းလှိုင်က မဇ္ဈိမကို ပြောသည်။

“လွှတ်တော်အစည်းအဝေးက မတ်လမှာစတာဆိုတော့ ဒီလမတိုင်မီ ရွေးကောက်တာအပြီး ကြိုတင်ပြင် ဆင်ပြီးအောင်လို့ လုပ်ထားရမှာပါ။ ဒီတော့ အရင်သက်တမ်းလည်းအကုန် ဒီဘက်က ရွေးကောက်ထား တာကလည်း ပြန်အစ အဲလိုရယ်ဒီဖြစ်အောင်လုပ်မယ်လို့ မှန်းထားပါတယ် ကျွန်တော် ပုဂ္ဂလိကအရဆို ရင်တော့ ရှေ့နှစ်ဆန်းပိုင်းတော့ ကြေညာပေးနိုင်မည်ထင်တယ်”ဟု ဦးသောင်းလှိုင်က ဆိုသည်။

ရွေးကောက်ပွဲကျင်းပမည့်ရက်နှင့် မဲဆန္ဒနယ်များကို ရွေးကောက်ပွဲကျင်းပရေး ဥပဒေ နည်းဥပဒေများအ တွင်း ပါရှိသည့်အတိုင်း ခြောက်လကြိုတင်ကာ ၂၀၁၅ ခုနှစ်နှစ်ဝက်တွင် ကြေညာပေးသွားမည်ဖြစ်သည် ဟု ဦးသောင်းလှိုင်က ပြောသည်။

လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပ ပေးခဲ့ခြင်းဖြစ်ကာ ဥက္ကဋ္ဌသည် ယခင် တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီးအဆင့် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်ပြီး ၂၀၁၀ တွင် အရပ်ဘက် ပြောင်းလဲ၍ ရွေးကောက်ပွဲသို့ ၀င်ရောက် ရွေးကောက်ခံခဲ့ခြင်းဖြစ် သည်။

No comments: