Friday, February 28, 2014

ရိုးမဘဏ်မှထုတ်လာသည့် ငွေထုပ်ဆိုင်ကယ်ဖြင့်လိုက်ကာ လုယူထွက်ပြေး

ဝိုင်းအောင်

မကွေးမြို့ရှိ ရိုးမဘဏ်မှ ဆိုင်ကယ်ဖြင့် ငွေထုတ်လာသူ အမျိုးသမီးကို နောက်မှဆိုင်ကယ်တစီးဖြင့် လိုက် လာသည့် အမျိုးသားနှင့် အမျိုးသမီးက ငွေထုပ်လုယူ ထွက်ပြေးမှုတစ်ခု မကွေးမြို့၌ ဖေဖော်ဝါရီ ၂၁ ရက်က ဖြစ်ပွားခဲ့သည်ဟု မကွေးနယ်မြေ ရဲစခန်းက သတင်းထုတ်ပြန်လိုက်သည်။

ဖြစ်စဉ်မှာ ယင်းနေ့မွန်းလွဲ ၁ နာရီခန့် တွင် မကွေးမြို့ပြည်တော်သာလမ်းရှိ ရိုးမဘဏ်မှ ငွေကျပ်ခုနစ်သိန်း ထုတ်လာသည့် မနွယ်နွယ်သန်း (၄၀ နှစ်)နှင့် နောက်ပါ အမျိုးသမီးတစ်ဦး၏ ဆိုင်ကယ်သည် မြို့ပတ် လမ်းနှင့် ပြည်တော်သာလမ်းထောင့်ရှိ ကောင်းမြိန်ကွမ်းယာဆိုင်အနီး အရောက်နောက်ပါအမျိုးသမီးတင် ဆောင်လာသည့် အမျိုးသားတစ်ဦး၏ ဆိုင်ကယ်က မနွယ်နွယ်သန်း၏ ဆိုင်ကယ်ကို လက်ဝဲဘက်မှကျော် တက်ကာ အနားသို့ကပ်လာသည်ဟု ရဲထွက်ချက်တွင် ပါရှိသည်။

ယင်းနောက်တွင် အနားကပ်လာသည့် ဆိုင်ကယ်မှ နောက်ပါ အမျိုးသမီးက မနွယ်နွယ်သန်းလက်ထဲရှိ ငွေအိတ်ကို လုယူကာ မြို့ပတ်လမ်းအတိုင်း တောင်ဘက် အရပ်ရှိ ပညာရေးတက္ကသိုလ်ရှေ့ ကြာပန်းအ၀ိုင်း သို့ ထွက်ပြေးသွားရာ မနွယ်နွယ်သန်းက အော်ဟစ်အကူအညီတောင်း၍ အနီးရှိသူများက လိုက်လံဖမ်းဆီး သော်လည်း ကားကြီးကွင်းအနီး ပြည်တော်သာလမ်းနှင့် အဝေရာလမ်းထောင့်အနီးတွင် မျက်ခြည်ပြတ် သွားခဲ့သည်ဟု ပြောသည်။

အဆိုပါအမှုကို ဖေဖော်ဝါရီ ၂၁ ရက် ညနေပိုင်းတွင် ငွေထုပ်ပိုင်ရှင် မနွယ်နွယ်သန်းက တရားလိုပြုလုပ်၍ အမည်မသိ အမျိုးသားနှင့် အမျိုးသမီးတို့ကို ဖမ်းဆီးဖော်ထုတ်ပေးပါရန် မကွေးနယ်မြေရဲစခန်း၌ (ပ)၄၂/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၇၉(နှိုက်)ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း ရဲမှတ်တမ်းအရ သတင်းရရှိသည်။

မကွေးမြို့တွင် ၂၀၁၃ ခုနှစ်အတွင်းကလည်း အမျိုးသမီးနှစ်ဦး ကမ္ဘောဇဘဏ်မှ ငွေထုတ်ယူ၍ ဆိုင်ကယ် ဖြင့်အပြန်တွင် ဆိုင်ကယ်စီးအမျိုးသားတစ်ဦးက ဆိုင်ကယ်ချင်းကပ်ပြီး ငွေထုတ်လုယူမှုဖြစ်ပွားခဲ့ပြီး တရားခံ ကို ၂၄ နာရီအတွင်း ဖမ်းဆီးရမိခဲ့သည်။

No comments: