Friday, February 28, 2014

ကွန်ပျူတာ သတင်းအချက်အလက်နှင့် နည်းပညာပြပွဲတွင် ပြခန်း ၈ဝကျော် ပါဝင်မည်

ဖြိုး

မန္တလေးတိုင်း ကွန်ပျုတာပညာရှင်အသင်းနှင့် ကွန်ပျုတာ လုပ်ငန်းရှင်အသင်းတို့ ပူးပေါင်းစီစဉ်သော (၁၂) ကြိမ်မြောက် ကွန်ပျုတာနှင့် သတင်းအချက်အလက် နည်းပညာပြပွဲကို မတ်လ ၇ရက်မှ ၉ ရက်အထိ မန္တလေးမြို့တော်ခန်းမ၌ ကျင်းပမည်ဖြစ်ရာ ကွန်ပျူတာနှင့် ပတ်သက်သော အရောင်းနှင့်ဝန်ဆောင်မှုလုပ်ငန်း ပေါင်း ၈ဝကျော် ပါဝင်ပြသမည်ဖြစ်သည်။

နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ပြသမည့် အဆိုပါပြပွဲတွင် ခေတ်မှီကွန်ပျုတာနှင့် ဆက်စပ်ပစ္စည်းများ၊ အသုံးချဆော့ဖ်ဝဲများ၊ ကွန်ပျုတာသင်တန်းများ သာမက ယခင်နှစ်များတွင် မပါဝင်သော အွန်လိုင်းဘဏ် လုပ်ငန်းစနစ် (Online Banking System) များကို စီဘီဘဏ် (CB Bank)က မိတ်ဆက်ရှင်းလင်းသွားမည်ဟု ကွန်ပျုတာ လုပ်ငန်းရှင်အသင်း ဒု-ဥက္ကဋ္ဌ ဦးဇော်ရဲသူက ပြောသည်။

“ပြခန်းတွေ တိုးထားတယ်။ ပြောင်းလဲလာတဲ့ ကွန်ပျုတာ နည်းပညာတွေကို အထက်မြန်မာပြည်ကလူတွေ သိရှိအောင် လုပ်ပေး တဲ့ ပြပွဲလေးတစ်ခုပါ။ ကိုယ်ပိုင်တံဆိပ်(Brand) နဲ့ဖြန့်တဲ့ ကုမ္ပဏီတွေလည်းပါမယ်။ ဆော့ဖ်ဝဲရေးတဲ့ ပညာရှင်တွေလည်း ပါမယ်” ဟု ၎င်းက ပြောသည်။

ကွန်ပျုတာ အရောင်းပြခန်းများ၊ ကွန်ပျုတာသင်တန်းများ၊ ဆားဗစ်စင်တာ(Services Center) များလည်း ပါဝင်မည်ဖြစ်သည်။

ယင်းပြပွဲကို မန္တလေးနှင့် အထက်မြန်မာပြည်မှ ကျောင်းသူကျောင်းသားများ၊ လုပ်ငန်းရှင်များနှင့် နည်းပညာ လေ့လာလိုက်စား လိုသူများအတွက် တိုးတက်နေသည့် ICT နည်းပညာများကို သိရှိစေရန်နှင့် ICT လုပ်ငန်းရှင်များ၊ ပညာရှင်များ၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကိုလည်း မိတ်ဆက်ပေးရန် စီစဉ်ရခြင်းဖြစ်သည်။

မန္တ္တလေးတိုင်း ကွန်ပျုတာအသင်းကို ၁၉၉၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော်လည်း အိုင်စီတီပြပွဲ (ICT Exhibition) များကို ၂ဝဝ၃ ခုနှစ်မှ စ၍ နှစ်စဉ်ကျင်းပလာရာ ယခုအကြိမ်သည် ၁၂ ကြိမ်မြောက် ဖြစ်သည်။

No comments: