Wednesday, February 26, 2014

နယ်စပ်ကုန်သွယ်မှုကို အိန္ဒိယဘက်မှ ရပ်ဆိုင်း

ကြယ်ပြာ

မြန်မာနိုင်ငံတွင်သေဆုံးခဲ့သော အိန္ဒိယနိုင်ငံသားနှစ်ဦးအရေးကြောင့် တမူးနယ်စပ်ကုန်သွယ်စခန်းမှ ပို့ကုန် သွင်းကုန် ကုန်သွယ်မှုများကို နှစ်ဖက်အစိုးရ၏ သဘောတူညီမှုမရှိဘဲ အိန္ဒိယနိုင်ငံအခြေစိုက် အရပ်ဘက် အဖွဲ့အစည်းများက ဖေဖော်ဝါရီ ၂၄ ရက်က ပိတ်ဆို့လိုက်သည်ဟု စစ်ကိုင်းတိုင်းတမူးမြို့ နယ်စပ်ကုန်သည် ကြီးများအသင်း အတွင်းရေးမှူး ဦးခင်မောင်တင်က ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြောသည်။

နှစ်နိုင်ငံကုန်သွယ်ရေးကို ရပ်ဆိုင်းထားသည်ဆိုသော အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ မိုးရေးမြို့က အရပ် ဘက်အဖွဲ့အစည်းများ လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည့် အကြောင်းကြားစာကို ဖေဖော်ဝါရီ ၂၃ ရက်က နယ်စပ်ကုန်သည်ကြီးများ အသင်းသို့ လာရောက်ပေးခဲ့သည်ဟု ၎င်းကဆိုသည်။

ဦးခင်မောင်တင်က “ကုန်သွယ်မှုကို မတ်လ ၁၅ ရက်နေ့အထိ ပိတ်မယ်လို့ ပြောတယ်။ ခုလိုပိတ်လိုက်တော့ ဂိုဒေါင်တွေမှာ ပစ္စည်းတွေကျပ်ကုန်တယ်။ ငွေပေးငွေချေတွေလည်း နှောင့်နှေးကုန်တယ်။ ရန်ကုန်၊ မန္တလေး၊ မုံရွာတို့ကနေ တက်လာမယ့် ကုန်ကားတွေကိုလည်း မလာဖို့ လှမ်းတားထားရပါတယ်” ဟု ပြောသည်။

တရားဝင် ပို့ကုန်သွင်းကုန်များကို ရပ်ဆိုင်းလိုက်သော်လည်း နှစ်နိုင်ငံအ၀င်အထွက် ဂိတ်တံခါးများကိုပိတ် ထားခြင်းမရှိကြောင်းနှင့် ဒေသထွက်ကုန် အသီးအနှံများနှင့် ကုန်ခြောက်ပစ္စည်းများ ရောင်းဝယ်ကြသော မြန်မာဘက်မှ နန့်ဖာလုံဈေးကိုမူ ပိတ်ထားခြင်းမရှိဟုလည်း ဦးခင်မောင်တင်က ဆိုသည်။

ကုန်သွယ်မှုကို ရပ်ဆိုင်းလိုက်ခြင်းကြောင့် မြန်မာကုန်သည်များအနေဖြင့် အခက်အခဲများဖြစ်ပေါ်နေရ သည်မှာ မှန်သော်လည်း ရေရှည်ပိတ်ဆို့မှုများ လုပ်ဆောင်ပါက ၎င်းတို့ဘက်က အထိနာနိုင်သည်ဟု တမူး၊ ကလေး၊ ကလေးဝ၊ ရိဒ်နယ်စပ်ကုန်သွယ်ရေးကုန်သည်ကြီးများ အသင်းဥက္ကဋ္ဌ ဦးလှမောင်က ပြောသည်။

ဖေဖော်ဝါရီ ၂၃ ရက်က မိုးရေး အခြေစိုက် အရပ်ဖက်အဖွဲ့အစည်း ခြောက်ခုက မိုးရေးခရိုင်အုပ်ချုပ်ရေးမှူးကို လိပ်မူ၍ ထုတ်ပြန်ခဲ့သော တောင်းဆိုကြေညာချက်ကို မြန်မာဘက်မှ အဖွဲ့အစည်းများ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် နယ်စပ်ကုန်သည်ကြီးများအသင်း ထံသို့လည်း ပေးပို့ခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် အိန္ဒိယကုန်သည်များ၏ အသက်အာမခံအား ထိရောက်သော အကာကွယ်များပေးရန်၊ အိန္ဒိယဘက်သို့ဝင်ရောက်လာသော မြန်မာနနိုင်ငံသားများကို မြန်မာလူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ နယ်စပ်ဖြတ်ကျော်ခွင့် အသိမှတ်ပြုကတ်များဖြင့်လာကြရန်နှင့် မတ်လ ၁၄ ရက်အထိ ၎င်းတို့တောင်းဆိုသောအချက်များကို မြန်မာအစိုးရက ပြုလုပ်ပေးခြင်းမရှိပါက ပြင်းထန်စွာ တုံ့ပြန်သွားမည်ဖြစ်သည်ဟုလည်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုကဲ့သို့ ကုန်သွယ်မှုများ ရပ်ဆိုင်းရသည်အထိဖြစ်လာခြင်းသည် ဖေဖော်ဝါရီ ၁၁ ရက်က တမူးနယ်စပ်ဂိတ် မှ ၀င်ရောက်လာခဲ့သော အိန္ဒိယနိုင်ငံသား ခြောက်ဦးမှ နှစ်ဦးသည် မြန်မာဘက်အခြမ်းတွင်ပျောက်ဆုံး သွားမှုမှ စတင်ခြင်းဖြစ်ကာ ၎င်းတို့ပျောက်ဆုံးခြင်းကြောင့် မိုးရေးဘက်မှ ဒေသခံများက နယ်စပ်ဂိတ်တံခါးကို ဖော်ဖော်ဝါရီ ၁၉ ရက်က ပိတ်ဆို့ခဲ့သည်။

ဖေဖော်ဝါရီ ၂၁ရက်တွင် မြန်မာနိုင်ငံဘက်မှ ခမ်းပတ်မြို့နယ်ခွဲ၊ ထင်းဇင်ရွာအနီးရှိ အိန္ဒိယဘက်အခြမ်းနှင့် ပေ ၁၅၀ သာ ကွာဝေးသော ဂါနီးဖိုင်ဆိုသော ရွာအနီးတွင် ပျောက်ဆုံးနေသော လူနှစ်ဦး၏ ရုပ်အလောင်းများ တွေ့ရှိခဲ့သည်ဟု စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူးက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်က“ဒီသေဆုံးမှုကို နှစ်နိုင်ငံပေါင်းပြီး စစ်ချင်တယ်လို့ သူတို့က ကမ်းလှမ်းလာရင် ကျွန်တော်တို့ဘက်က အဆင်သင့်ပါ။ ခုသေသွားတဲ့ လူတွေကို မြန်မာဘက်ကပဲ နာရေးကူညီမှုကားနဲ့တင်ပေးလိုက်တာပါ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကပါ ကူညီပြီးရှာဖွေပေး ခဲ့တာပါ” ဟု မဇ္ဈိမကို ပြောသည်။

ကြေညာချက်ထုတ်ပြန်ခဲ့သော အဖွဲ့ခြောက်ဖွဲ့နှင့် တမူးလူငယ်ကွန်ရက်အဖွဲ့တို့ ရက်သတ္တပတ်အတွင်း တွေ့ဆုံရန်ရှိသည်ဟု တမူးလူငယ်ကွန်ရက်အဖွဲ့ တာဝန်ခံ ကိုယဉ်ကိုဦးက မဇ္ဈိမကို ပြောသည်။

No comments: