Friday, February 28, 2014

ယောက်ျားဖြစ်သူက ဇနီးကို ကြက်သွန်လှီးဓားဖြင့် ထိုးသတ်

ဇော်ဇော်ထွေး

ဖြစ်စဉ်မှာ သုံးခွမြို့နယ်၊ ကဒပ်္ပနကျေး ရွာအုပ်စု၊ အရှေ့တံခွန်တိုင်ရွာ လယ်ကွက် ပဲခင်းတွင် နံနက် ၉ နာရီ ခန့်က မနွယ်နီ (၁၈)နှစ် လယ်စားရင်းငှား၊ ကျောက်တန်းမြို့နယ်၊ မှော်ဝန်းလမ်းတွင် နေထိုင်သူနှင့် ခင်ပွန်း ဖြစ်သူ သိန်းဝင်း (ခ) သူဟန်တို့ နှစ်ဦးမှာ ပဲ,မခူးသည့်ကိစ်္စဖြင့် စကားများရန်ဖြစ်ခဲ့သည်ဟု တရားလိုဖြစ်သူ မနွယ်နီ၏မိခင်ဒေါ်တင်လှက ရဲစခန်းတွင်တိုင်တန်းထားခြင်း ဖြစ်သည်။

ယင်းသို့ စကားများရန်ဖြစ်ရာမှ သိန်းဝင်း(ခ)သူဟန်က အရိုးအသွားခြောက်လက်မခန့်ရှိ ကြက်သွန်လှီးသည့် ဓားဦးချွန်ဖြင့် ထိုးလိုက်သည့်အတွက် မနွယ်နီမှာ ၀ဲ/ယာ နို့အုံအောက်တွင် ထိုးသွင်းဒဏ်ရာ တစ် ချက်စီနှင့် ရင်ညွှန့်ထိုးသွင်းဒဏ်ရာ နှစ်ချက်၊ ၀ဲလက်မောင်းနှင့် တံတောင်တွင် ပြတ်ရှဒဏ်ရာနှစ်ချက်၊ ၀ဲလက်ဖျံ ပြတ်ရှဒဏ်ရာ ခုနစ်ချက်၊ ယာခြေသလုံးပြတ်ရှဒဏ်ရာတစ်ချက်ရရှိပြီး အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

မနွယ်နီသေဆုံးမှုကို မိခင်ဖြစ်သူ ဒေါ်တင်လှက ဓားဖြင့်ထိုးခဲ့သည့် သမက်တော်စပ်သူ သိန်းဝင်း(ခ) သူ ဟန်ကို အရေးယူပေးရန် အမှုဖွင့်တိုင်တန်းခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

ယင်းတိုင်တန်းမှုကို သုံးခွရဲစခန်းက (ပ)၅၆/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံထားရသူကို ည ၈ နာရီ အချိန်၌ ကျောက်တန်းမြို့နယ် အဒွတ္တောကျေးရွာတွင် ဖမ်းဆီးမိခဲ့သည်ဟု ဆိုထားသည်။

ထိုကြောင့် အမှုကို ဆက်လက်စစ်ဆေးသွားမည်ဖြစ်ပြီး ပြစ်မှုထင်ရှားပါက ပုဒ်မ ၃၀၂ ဖြင့် တရားစွဲတင် သွားမည်ဟု တိုင်းရဲဌာနက သတင်းထုတ်ပြန်ထားသည်။

No comments: