Friday, February 28, 2014

ယာဉ်တိုက်မှုဖြစ်သည့် လိုင်စင်မဲ့ ဗင်ကား ပို့ကုန်/သွင်းကုန်ဥပဒေဖြင့်ပါ ထပ်မံအမှုဖွင့်

ဇော်ဇော်ထွေး

ယာဉ်တိုက်မှုဖြစ်သည့် မော်တော်ယာဉ်တစ်စီး လိုင်စင်မဲ့ဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် သာကေ တနယ်မြေရဲစခန်းက ယာဉ်မဆင်မခြင်မောင်းနှင်မှု ပုဒ်မအပြင် ပို့ကုန်းသွင်းကုန်ပုဒ်မဖြင့်ပါ ထပ်ဆင့်အမှု ဖွင့်၍ အရေးယူဆောင်ရွက်နေသည်ဟု အဆိုပါရဲစခန်း တာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။

ဒေါပုံမြို့နယ် သင်္ဘောကျင်းရပ်ကွက်နေ မောင်ပြည့်ဖြိုးဇော်(၂၅)နှစ် မောင်းနှင်သည့် တိုရိုတာဗင် အဖြူ ရောင်ကားတစ်စီးသည် ၂၀၁၃၊ ဒီဇင်ဘာ ၂၉ ရက် နံနက် ၁ နာရီ ၄၀မိနစ်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း အဆိုပါ နယ်မြေရဲစခန်းက ဆိုသည်။

ဖြစ်စဉ်မှာ အဆိုပါကားသည် ဧရာဝဏ်လမ်းမအတိုင်း လမ်းလယ်မျဉ်းကို ခွမောင်းလာစဉ် ရွှေဧည့်သည် (၂) ကားဂိတ်မှတ်တိုင် အရောက်တွင် မျက်နှာချင်းဆိုင် တစ်ဖက်ယာဉ်ကြောမှ မောင်းနှင်လာသည့် စိမ်းပုပ် ရောင်ဂျစ်ကားနှင့် တိုက်မိခဲ့ခြင်း ဖြစ်သည်။

အဆိုပါယာဉ်တိုက်မှုကို သာကေတနယ်မြေရဲစခန်းက ယာဉ် (ပ)၄၀/---- ဖြင့် အမှုဖွင့်ပြီး ယာဉ်မောင်း ပြည့်ဖြိုးဇော်မောင်းနှင်သည့် မော်တော်ယာဉ်ကို အမှုဖြင့်သိမ်းဆည်း၍ စစ်ဆေးခဲ့ရာယာဉ်နှင့် ပတ်သက်သည့် မှတ်ပုံတင်စာရွက်စာတမ်းများတင်ပြနိုင်ခြင်းမရှိသဖြင့် ယာဉ်၏ စက်အမှတ်နှင့် ဘောင်အမှတ်တို့ကို က.ည.န သို့ ပို့ကာစစ်ဆေးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဦးစီးဌာန (ရုံးချုပ်)၏ အမှတ် ကမ ၄၃၃ (ရုံး) ၁၄/၃၅၀ အရ အဆိုပါ ယာဉ် သည် က.ည.န တွင် မှတ်တမ်းမ၀င်ကြောင်း ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြန်ကြားခဲ့သည်ဟု ဆိုသည်။

အဆိုပါ စစ်ဆေးတွေ့ရှိချက်ကြောင့် မူလက ယာဉ်မဆင်မခြင် မောင်းနှင်မှုဖြင့် အမှုဖွင့်အရေးယူထားသူ ပြည့်ဖြိုးဇော်ကို အကောက်ခွန်မဲ့ မော်တော်ယာဉ် လက်ဝယ်ထားရှိမှုဖြင့် အရေးယူပေးရန် ရဲအုပ်ကျော် ထက်နောင်က ထပ်မံတိုင်တန်းလိုက်ခြင်း ဖြစ်သည်။

ယင်းတိုင်တန်းမှုကို သာကေတနယ်မြေ ရဲစခန်းက (ပ)၂၄/၂၀၁၄ဖြင့် အမှုဖွင့်ပြီး ပို့ကုန်သွင်းကုန်ပုဒ်မ ၈ ဖြင့် အရေးယူရန် တိုင်တန်းခံရသူကို စစ်ဆေးလျက်ရှိသည်။

No comments: