Wednesday, February 26, 2014

သုံးဘီးဆိုင်ကယ်ကို တိုက်ပြီးမောင်းပြေးသည့် ပြိုင်ကား ဖမ်းမမိသေး

ကိုတိုးကြီး

ပြိုင်ကားတစ်စီးက သုံးဘီးဆိုင်းကယ်တစ်စီးကို ၀င်တိုက်ကာ မောင်းနှင်ထွက်ပြေးသွားသည့် မုံရွာမြို့ ယာဉ်တိုက်မှုဖြစ်စဉ်တွင် သုံးဘီးဆိုင်ကယ်ပေါ်မှ ခရီးသည်လေးဦးဒဏ်ရာရရှိခဲ့ပြီး မောင်းနှင်ထွက်ပြေးသွားသည့် ပြိုင်ကားကိုလည်း ဖမ်းဆီးရရှိခြင်းမရှိသေးဟု အမှတ်(၁၄) ယာဉ်ထိန်းရဲတပ်ဖွဲ့ (မုံရွာ) တပ်ဖွဲ့ ခွဲရုံးရှိ ဒု-ရဲအုပ် မိုးဝင်းထက်က မဇ္ဈိမကို ပြောသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၁ ရက်၊ ည ၉ နာရီခန့်က မုံရွာမြို့၊ ရန်ကင်းရပ်ကွက်၊ အောင်သစ္စာလမ်းရှိ ငြိမ်း ချမ်းရေး ကြာဆံစက်ရုံဝင်းအနီးတွင် ကိုဝင်းဟန်ဦးဆိုသူမှ အောင်သစ္စာလမ်းမကြီးအတိုင်း အရှေ့မှ အနောက်သို့ သုံးဘီးယာဉ်ကို မောင်းနှင်လာစဉ် ထိုလမ်းမကြီး၏ မြောက်ဘက်ခြမ်းရှိ သမစိတ္တလမ်းသွယ် ထဲမှ မောင်းထွက်လာသည့် အနက်ရောင်ပြိုင်ကားတစ်စီးသည် သုံးဘီးဆိုင်ကားကို ရုတ်တရက် ၀င်ရောက် တိုက်မိကာ သုံးဘီးဆိုင်ကယ်မှာ တိမ်းမှောက်သွားပြီး ပြိုင်ကားသည် ထွက်ပြေးလွတ်မြောက်သွားသည်ဟု ယာဉ်ထိန်းရဲ တပ်ဖွဲ့၏ စစ်ဆေးချက်များတွင် ဖော်ပြ ထားသည်။

သုံးဘီးဆိုင်ကယ် တိမ်းမှောက်ခဲ့သည့်အတွက် ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသူ ခရီးသည် မနုနုဝင်း အသက်(၂၁) နှစ်၊ တင်ပုတ်ကျေးရွာ၊ မင်းကင်းမြို့နယ်၊ မရွှေမာဝင်း အသက်(၂၁)နှစ်၊ ရန်ကင်းရပ်ကွက်၊ မုံရွာမြို့၊ မထားထားအေး အသက် (၂၃)နှစ်၊ ပိတ်ချင်းကျေးရွာ၊ မင်းကင်းမြို့နယ်နှင့် မနွယ်နွယ်စိုး အသက် (၂၂)နှစ်၊ ရန်ကင်းရပ်ကွက်၊ မုံရွာမြို့နေသူတို့သည် ဒဏ်ရာများရရှိခဲ့ကာ မုံရွာပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ရပြီး ဒဏ်ရာများမှာ မစိုးရိမ်ရဟု ဆေးမှတ်တမ်းတွင် ဖော်ပြထားသည်။

တိုက်ပြေးယာဉ် ပြိုင်ကားနှင့်ပတ်သက်၍လည်း သက်ဆိုင်ရာရဲဌာနက စုံးစမ်းဖော်ထုတ်လျက်ရှိကြောင်း မုံရွာနယ်မြေရဲစခန်းမှူး ရဲအုပ်ကျော်လှိုင်မိုးက ပြောသည်။သုံးဘီးဆိုင်ကယ်အား တိုက်ပြေးသွားသည့် ပြိုင်ကားကို ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် မုံရွာနယ်မြေရဲစခန်းက ယာဉ်(ပ) ၁၅/ ၂၀၁၄ ပြစ်မှု ပုဒ်မ၃၃၈ အရ အမှုဖွင့် ဆောင်ရွက်လျက်ရှိသည်ဟု ၎င်းက ပြောသည်။

No comments: