Friday, February 28, 2014

ကျန်းမာရေး အာမခံစနစ် ပီပြင်ရန် ဆေးရုံများမှ ဆေးကုသစရိတ် အချက်အလက်များ ကောက်မည်

ဇာနည်အောင်

ကျန်းမာရေးအာမခံစံနစ် ပီပြင်စေရန် အထူးစမ်းသပ်အဖွဲ့(Special Test Board)ဖွဲ့စည်းပြီး ဆေးရုံများ တွင် ဆေးကုသစရိတ်ဆိုင်ရာ အချက်အလက်များ ကောက်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘဏ္ဍာ ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက မဇ္ဈိမကို ပြောသည်။

အဆိုပါအာမခံစနစ်ကို စမ်းသပ်ကာလအဖြစ် တစ်နှစ် လုပ်ဆောင်သွားမည်ဖြစ်ပြီး ရန်ကုန်နှင့်မန္တလေးမြို့တို့တွင် မတ်လအတွင်း ဆေးကုသစရိတ်ဆိုင်ရာ အချက်အလက်များကို ကောက်ယူပြီး အဆိုပါ ကောက် ယူရရှိသည့် အချက်အလက်များအတိုင်း ကျန်းမာရေးအာမခံနှုန်းထားများ သက်မှတ်သွားမည် ဖြစ်သည်။

အထူးစမ်းသပ်အဖွဲ့တွင် မြန်မာ့အာမခံလုပ်ငန်းမှ ကိုယ်စားလှယ်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ မြန်မာ-အမေရိကန် ဆေးပညာရှင်အဖွဲ့များ၊ အမေရိကန်၊ ဂျပန်နှင့်အင်္ဂလန်နိုင်ငံများမှ အာ မခံကုမ္ပဏီများမှ ကိုယ်စားလှယ်များ ပါဝင်ဆောင်ရွက်သွားမည် ဖြစ်သည်။

“ကျန်းမာရေးအာမခံစနစ်က အောက်ခြေလူတန်းစားနဲ့ အလယ်အလတ်လူတန်းစားတွေအတွက် ပြုလုပ်ပေးနေတာပါ။ ပြည်သူတွေအတွက် လိုအပ်နေတဲ့ ကွက်လပ်ကို ဖြည့်ပေးတာပါ။ သင့်လျော်တဲ့ နှုန်းထား မျိုးနဲ့ လုပ်ပေးနိုင်ဖို့ပါ”ဟု ဒေါက်တာမောင်မောင်သိမ်းက မဇ္ဈိမကို ပြောသည်။

အဆိုပါအာမခံစနစ် အကောင်အထည်ဖော် လုပ်ဆောင်နိုင်ရန် အလုပ်ရုံဆွေးနွေးပွဲ နှစ်ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း၊ တစ်ပြည်လုံးရှိ ဆေးရုံများတွင် အချက်အလက်ကောက်ယူရာတွင် အခက်ခဲများစွာ ရှိနိုင် သည်ဟုလည်း ဒေါက်တာမောင်မောင်သိမ်းက ဖေဖော်ဝါရီ၂၁ ရက်က ပတ်ရွိုင်ရယ်ဟိုတယ်တွင် ပြုလုပ် သည့် ကျန်းမာရေးအာမခံ နှီးနှောဖလှယ်ပွဲတွင် မီဒီယာများက မေးမြန်းရာတွင် ထည့်သွင်းဖြေကြားခဲ့ သည်။

ဧရာ-မြန်မာအာမခံကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာဦးသန်းဇော်က “ကျန်းမာရေးအာမခံစနစ်ကို ငွေကြေး တတ်နိုင်သူကသာ စိတ်ဝင်တစားမေးကြတာပါ။ အောက်ခြေလူတန်းစားနဲ့ အလယ်လတ်တန်းကလူတွေ ကတော့ မေးမြန်းတာမရှိဘူး”ဟု မဇ္ဈိမကို ပြောသည်။

ပြည်တွင်းပြည်ပရှိ အာမခံကုမ္ပဏီများ စိတ်ဝင်စားမှုရှိနေခြင်းသည် အာမခံထားရှိမည့် ပြည်သူများအ တွက် အခွင့်အရေးကောင်းတစ်ခုဖြစ်ပြီး ကျန်းမာရေးအာမခံစနစ်မှာ လူတိုင်းနှင့်သက်ဆိုင်သည့်အတွက် ထားရှိသင့်သည့် အာမခံစံနစ်တစ်ခုလည်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပုဂ္ဂလိကအာမခံကုမ္ပဏီ ၁၃ ခုတွင် အာမခံအမျိုးအစားပေါင်း ခြောက်မျိုး အာမခံထားရှိ နိုင်ပြီး မြန်မာ့အာမခံလုပ်ငန်းတွင် အာမခံအမျိုးအစား ၄၆ မျိုး ထားရှိနိုင်သည်။

No comments: