Wednesday, February 26, 2014

ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုဆန္ဒပြုလွှာလက်မှတ် ဒီမိုကရေစီ လိုလားသူများအဖွဲ့ ဦးဆောင်ကောက်ခံ

အောင်ကိုဦး

မန္တလေးမြို့တွင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒပြုလွှာ လက်မှတ်ကောက်ခံမှု ကို မြို့နယ်၊ ရပ်ကွက်အလိုက် ဖေဖေါ်ဝါရီ ၂၄ရက်တွင် စတင်ကောက်ခံနေသည်ဟု ဒီမိုကရေစီ လိုလားသူများ အဖွဲ့မှ ဦးညီညီအောင် က မဇ္ဈိမ ကိုပြောသည်။

"ဒီနေ့စကောက်တယ်။ ပြည်သူတွေရဲ့ တကယ်စစ်မှန်တဲ့ လိုလားချက်ကို သိစေချင်လို့ ထိုးပါဆိုပြီး မစည်းရုံးဘူး။ တကယ်ပြင်သင့် တယ် ဆိုမှထိုး။ လက်မှတ် အတုနဲ့ စစ်တမ်းများအောင် မလုပ်ဘူး။ အမှန်အကန်ပဲ လုပ်ပြီး ကောက်ခံမယ်။ ပြီးဆုံးမယ့်ရက်ကို မသတ်မှတ် ရသေးဘူး။ အတိုင်းတာတစ်ခုထိပေါ့။ ကောက်ပြီးသွားရင် လွှတ်တော် အပါအဝင် သက်ဆိုင် ရာကို တင်ပြမယ်။ ဒါမှ အဖြူအမည်းကွဲမယ်"ဟု ဦးညီညီအောင် ကပြောသည်။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ထိုအခြေခံဥပဒေပါ ပုဒ်မ (၄၃၆)နှင့် ပုဒ်မ ၅၉ (ဃ)၊(စ) တို့ကို ပြင်ဆင်ပေးရန် ထောက်ခံလက်မှတ်ယူရာတွင် ဒီမိုကရေစီ လိုလားသူ မည်သူမဆိုပါဝင် ကူညီနိုင်ကြောင်း၊ ပြည်သူအားလုံး၏ စိတ်ထဲတွင် ဖွဲ့စည်းပုံပါ ဥပဒေများ ပြင်ဆင်ပေးစေလိုသည့် ဆန္ဒ ကိန်းအောင်းနေသော်လည်း အကြောက်တရားများ ရှိနေခြင်းကြောင့် တုန့်ဆိုင်းနေကြကြောင်းနှင့် မပြင်ဆင်ရန် စည်းရုံးနေမှုများကြောင့် ပြည်သူများစိတ်ထဲ၌ ဒွိဟများဖြစ်နေကြောင်းသိရသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင် ဆင်ရေးကို ဟန့်တားမှုများ ရှိနေ သေးသရွေ့ တစ်နိုင်ငံလုံးတွင် ဆန္ဒဖေါ်ထုတ်မှုများ ဆက်တိုက်ဖြစ်ပေါ်နိုင်ကြောင်းနှင့် ယခုလက် ရှိတွင် မြို့ရွာအနှံ့ ဖွဲ့စည်းပုံ ပြင်ဆင်ပေးရန် ဆန္ဒဖေါ်ထုတ်မှုများ ဖြစ်ပွားလျှက်ရှိပြီး ထိုသို့ဖြစ်ပေါ်နေမှုများ ကို အစိုးရက အလေးထား လက်ခံသင့်ကြောင်း ဒီမိုကရေစီလိုလားသူများအဖွဲ့မှ ဦးအောင်အောင်နိုင်က မဇ္ဈိမကိုပြောသည်။

"အာဏာရှင်ပဲ အသုံးဝင်တဲ့ ဥပဒေဗျာ။ ပြည်သူကိုဖိနှိပ်တဲ့ ဥပဒေဗျာ။ ဒီဥပဒေကိုမှ ပြင်ဆင်ခွင့် မတောင်းရင် ဘယ်ဥပဒေကိုပြင်ဆင်ခိုင်းမလဲ။ တစ်လျှောက်ကြီး ဖိနှိပ်လာတာကို ပြည်သူအများက သိတယ်။ သိလို့ အခုလိုတွေ တောင်းတာပေါ့။ ဒီကိစ္စ အချိန်က စကားပြောသွားမှာပါ။ မပြင်ရအောင် ကန့်ကွက်ဖို့ စည်းရုံးဟောပြောမှု တွေရှိတယ်။ သူတို့လည်း လုပ်ပိုင်ခွင့်ရှိတယ်။ ဘာမှပြောနေ စရာ မလိုဘူး။ ဒါဟာ နိုင်ငံရေးဆိုင်ရာ လူ့အခွင့်အရေးပဲ။ ပြည်သူက ဆုံးဖြတ်ပေးသွားလိမ့်မယ်" ဟု ဦးအောင်အောင်နိုင် က ပြောသည်။

အခြေခံဥပဒေပြင်ဆင်ရန် ထောက်ခံလက်မှတ်များကို စစ်ကိုင်းမြို့၊ မြင်းခြံမြို့၊ မုံရွာမြို့နှင့် တောင်သာမြို့တို့တွင်လည်း တစ်ပြိုင်တည်းကောက်ခံလျက်ရှိသည်။

No comments: