Thursday, April 10, 2014

ရှမ်းနီလူမျိုး ၂၈ ဦး ကေအိုင်အေ တပ်မတော်တွင် စစ်သားအဖြစ် စုဆောင်းခံထားရ

ကြယ်ပြာ

၂၀၁၄ ခုနှစ် ဇန်န၀ါရီလမှ ဧပြီလ အတွင်း ရှမ်းရေးရာအဖွဲ့၏ ကောက်ယူရရှိထားသော စာရင်းများအရ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)က ကချင်ပြည်နယ်တွင် နေထိုင်သော ရှမ်းနီ(တိုင်းလျန်) တိုင်းရင်းသား ၂၈ဦးကို စစ်သားအဖြစ် စုဆောင်းခဲ့သည်ဟု ရှမ်းရေးရာအဖွဲ့မှ အဖွဲ့ဝင် ဦးစိုင်းထွန်း ယဉ်က မဇ္ဈိမကို ဧပြီ ၉ရက်က ပြောသည်။

ဖမ်းစီးခံထားရသော ရှမ်းနီများကို ပြန်လည်လွှတ်ပေးရေးအတွက် ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကျိုးတော် ဆောင် အဖွဲ့ (PCG) နှင့် ရှမ်းရေးရာအဖွဲ့တို့နှင့် အတူ ဖမ်းစီးခံထားရသော ရှမ်းနီလူမျိုး များ၏ မိသားစုဝင် အချို့တို့ ဧပြီ ၈ရက်မှ ၉ ရက် အထိ တွေ့ဆုံညှိနှိုင်းခဲ့ကြပြီး အဆိုပါ လူဦးရေ စာရင်းကို တင်ပြခဲ့ခြင်းဖြစ်သည်။

ဦးစိုင်းထွန်းယဉ်က “ ကျွန်တော်တို့ တွေ့တာက တပ်မဟာ ၁ထဲမှာ ဖမ်းခံထားရတဲ့ မြင့်အောင်ဆိုတဲ့ ကောင်လေးက ကျန်းမာရေး မကောင်းဘူး။ ဒါကြောင့် သူ့ကို လွတ်ပေးဖို့ သူ့မိဘတွေအတူ PCG ကို ကျွန်တော် တို့စာရင်း သွားထပ်ပေးတာပါ။ PCG ကတော့ အတတ်နိုင်ဆုံး ကြိုးစားပေးမယ်လို့ ပြောပါတယ်” ဟု ပြောသည်။

ရှမ်းရေးရာအဖွဲ့သည် မြစ်ကြီးနားမြို့တွင် အခြေစိုက်ပြီး စစ်သားအဖြစ် စုဆောင်းခြင်း ခံထားရသော ရှမ်းနီများ အရေးကို အဓိက ဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်သည်။၂၀၁၃ခုနှစ် ကုန်ပိုင်းမှစ၍ စစ်သားအဖြစ် စုဆောင်းခံရသူများ၏ ကိုယ်ရေးအချက်အလက်များနှင့် လူစာရင်းကို မြစ်ကြီးနားမြို့၊ မိုးညှင်းမြို့၊ ဗန်းမော်မြို့၊ မိုးမောက်မြို့၊ မိုးမောက်မြို့ အစရှိသော မြို့များ နှင့် မန်စီမြို့နယ် အစရှိသည့် မြို့နယ် ပေါင်း ၁၀ မြို့နယ်ရှိ ရွာပေါင်း ၁၀၀ ကျော်မှ ကောက်ယူ စုဆောင်းခဲ့ခြင်းဖြစ်သည်။

၂၀၁၃ခုနှစ် ဒီဇင်ဘာလ အတွင်း ကချင်ပြည်နယ် မန်ဝိုင်းကြီး အနီရှိ ရွာပေါင်း ၁၄ရွာမှ ရှမ်းနီများ အပါအ၀င် အခြားရှမ်းမျိုးနွယ်စုများနှင့် ဗမာလူမျိုး စုစုပေါင်း လူ၆၀ကျော်ကို ကေအိုင်အေ က ဖမ်းဆီးထား ကြောင်း ရှမ်းမျိုးနွယ်စု ရေးရာအဖွဲ့၏ စာရင်းများအရ သိရသည်။ ထို့ကြောင့် ၂၀၁၃ခုနှစ် ဒီဇင်ဘာလ ၁၄ရက်က တရားဝင် ဆန္ဒထုတ်ဖော်ရန် လုပ်ဆောင်ခဲ့ကြသေးသည်။

မြစ်ကြီးနားမြို့ရှိ ကေအိုင်အေ ငြိမ်းချမ်းရေး နည်းပညာ အကြံပေးအဖွဲ့နှင့် ရှမ်းရေးရာ အဖွဲ့တို့ တွေ့ဆုံဖူး သော်လည်း ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့နှင့် တွေ့ဆုံခြင်းသည် ယခုမှ ပထမဆုံးတွေ့ဆုံခြင်း ဖြစ်သည်။

1 comment:

Anonymous said...

KIA ကရှမ်းနီမကဘူး လီဆူး လဝမ်း ​တွေလည်းတပ်​သားသစ်​ဆိုပြီးစု​နေတာဘဲ ဗမာကျ​တော့လူမျိုးစုများလို့ အစိုး၇လုပ်​​နေလို့ တန်းတူအခွင့်​အေ၇းမ​ပေးဘူး ​လျှောက်​​အော်​​နေတာ သူတို့ကချင်​ ဂျိမ်း​ဖော့က ကချင်​ပြည်​နယ်​မှာ မဟာလူမျိုးကြီးဝါဒလုပ်​​နေတာ တစ်​သက်​လုံးဘဲ KIA မှာကချင်​လူမျိုးစု (၇) မျိုးထဲက ဘယ်​လူမျိုး​တွေအုပ်​ချုပ်​ပြီး ချမ်းသာ​နေလဲ အင်​ဘန်​လ ဂွမ်း​မော်​ တို့က ဘာကချင်​​တွေလဲ