Wednesday, April 22, 2015

ရပ်နားထားသည့် Air Mandalay လေကြောင်းလိုင်း မေလတွင် ပြန်လည်ပျံသန်းမည်

ကျော်ဆုမွန်

ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းတခုဖြစ်သည့် Air Mandalay သည် ရပ်နားထားသည့် လေကြောင်း ခရီးစဉ်များကို လာမည့် မေလ အတွင်းတွင် ပြန်လည်စတင်ပျံသန်းမည်ဖြစ်ပြီး နိုင်ငံတကာ ခရီးစဉ်များကိုလည်း ယခုနှစ်ကုန်ပိုင်းတွင် ပြန်လည် ပျံသန်း မည်ဖြစ်ကြောင်း လေကြောင်းလိုင်း၏ အမှုဆောင်အရာရှိချုပ် ဦးစိုင်းခမ်းပတ်ဖ (Sai Kham Park Pha) က ဧရာဝတီသို့ ပြောသည်။

ဖက်စပ်ကုမ္ပဏီတခု ဖြစ်သော Air Mandalay သည် ၄င်း၏ ခရီးစဉ်အားလုံးကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလမှ စတင်ရပ်နား ထား ခဲ့ပြီး အဆင့် မြှင့်ပြုပြင်ရန် လိုအပ်သည်များကို ဆောင်ရွက်ရန်နှင့် လေယာဉ်အသစ်များ ရောက်ရှိလာသည်ကို စောင့် ဆိုင်း နေရသည့်အတွက် ထိုသို့ ရပ်နားခဲ့ခြင်း ဖြစ်ကြောင်း၊ မတ်လမှ စတင်၍ ပြည်တွင်းခရီးစဉ် တချို့အတွက် စင်းလုံး ငှားခရီးစဉ်များ ပြန်လည် စတင်နေပြီဖြစ်ကြောင်း သိရှိရသည်။

“စီစဉ်ထားတဲ့ ပြည်တွင်းလေယာဉ် ခရီးစဉ်တွေ ကို မေလ ၁ ရက်နေ့မှာ ပြန်လည် စတင်မှာဖြစ်ပါ တယ်။ ထိုင်းနိုင်ငံ ချင်းမိုင် ခရီးစဉ် အပါအဝင် နိုင်ငံတကာ ခရီးစဉ်တွေကိုတော့ အခုနှစ်ကုန်ပိုင်းမှာ ပြန်လည်စတင်မှာ ဖြစ်ပါတယ်” ဟု ဦးစိုင်းခမ်း ပတ်ဖ က ဧရာဝတီသို့ ပြောသည်။

Air Mandalay လေကြောင်းလိုင်းသည် ချင်းမိုင်-ရန်ကုန် ခရီးစဉ်ကို ၂၀၁၄ ခုနှစ် နှစ်လယ် ပိုင်းအထိပြေးဆွဲပျံသန်းခဲ့ပြီး Air Mandalay လေ ကြောင်းလိုင်းတွင် ပုဂ္ဂလိက က ရှယ်ယာ ၇၀ရာခိုင် နှုန်းပိုင်ဆိုင်ကာ အစိုးရက ၃၀ ရာခိုင်နှုန်း ပိုင်ဆိုင် သော ဖက်စပ်လေကြောင်းလိုင်း တခုဖြစ်သည်။

Air Mandalay သည် မေလ ၁ရက်နေ့တွင် စတင်ပျံသန်းမည့် မန္တလေး၊ နေပြည်တော်၊ သံတွဲ၊ ဟဲဟိုး၊ တာချီလိတ်၊ ထားဝယ်၊ စစ်တွေ၊ ကျိုင်းတုံနှင့် ညောင်ဦး ခရီးစဉ်များအတွက် Embraer ERJ 145 အမျိုးအစား ဂျက်လေယာဉ် ၂ စီး ဝယ်ယူထားပြီး ဖြစ်သည်။

“ခရီးစဉ် အသစ်တွေအတွက် လေယာဉ်တွေ လည်း မကြာခင် ထပ်ရောက်လာပါလိမ့်မယ်။ လေကြောင်း ပို့ဆောင်ရေး လုပ်ငန်း ထဲကို ပြန်လည် ဝင်ရောက်ရတဲ့အတွက် ကျနော်တို့လည်း ဝမ်းသာပါတယ်” ဟု ဦးစိုင်းခမ်းပတ်ဖက ပြောသည်။

Air Mandalay လေကြောင်းလိုင်းသည် ၂၀၁၄ ခုနှစ်တွင် Mitsubishi Aircraft Corporation နှင့် သဘောတူညီချက်တခု လက်မှတ်ရေးထိုးခဲ့ပြီး လေယာဉ် အနည်းဆုံး ၅ စီး ဝယ်ယူသွားရန် သဘောတူညီထားသည်။

Air Mandalay က ပြီးခဲ့သောလများအတွင်း ရင်ဆိုင်ခဲ့ရသော စိန်ခေါ်မှုများက ၄င်းတို့ကုမ္ပဏီကို အတားအဆီး မဖြစ် စေခဲ့ ကြောင်း၊ ပြည်တွင်း ခရီးသည်များနှင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် နိုင်ငံခြားသား ခရီးသည်များကိုပါ အကောင်း ဆုံး ဝန်ဆောင်မှု ပေးနိုင်ဆဲဖြစ်ကြောင်း ဧပြီလဆန်းပိုင်းတွင် ထုတ်ပြန်သည့် လေကြောင်းလိုင်း၏ ကြေညာချက်တွင် ဖော်ပြ ထားသည်။

“ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းမှာ ခက်ခဲခဲ့တယ်ဆိုတာ ကျနော်တို့ သိပါတယ်။ ဒါပေမယ့် အဲဒါကပဲ ကျနော်တို့ အားလုံး အတွက် အကောင်းဆုံးတွေ ဖြစ်စေခဲ့ပါတယ်” ဟု ဦးစိုင်းခမ်းပတ်ဖက ပြောသည်။

ရန်ကုန်အခြေစိုက် Air Mandalay Limited ကို ၁၉၉၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံ၏ ပထမဆုံးသော ပုဂ္ဂလိက ပိုင်လေကြောင်းလိုင်းတခု ဖြစ်သည့် ခရီးစဉ်များ မရပ်နားမီက Air Mandalay သည် ကမ္ဘာလှည့် ခရီးသည်များ အများဆုံးသွား ရောက်သည့် မြန်မာနိုင်ငံ၏ အဓိကနေရာများ အားလုံးနီးပါးကို ပျံသန်းပို့ဆောင်ပေးနိုင်သည့် လေကြောင်း လိုင်းတခု ဖြစ်ခဲ့သည်။

လက်ရှိအချိန်၌ မြန်မာနိုင်ငံတွင် အစိုးရနှင့် ပုဂ္ဂလိက ဖက်စပ်လုပ်ကိုင်လျက်ရှိသော Myanmar Airways International နှင့် Golden Myanmar Airlines တို့ကသာ နိုင်ငံခြားခရီးစဉ်များ ပြေးဆွဲပျံသန်းလျက်ရှိသည်။

No comments: