Tuesday, April 7, 2015

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အသစ်ပြန်လည် ဖွဲ့စည်းပေးရန် လက်မှတ်ထိုး လှုပ်ရှားမှု ပြုလုပ်

နန်းမြင့်

လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အသစ် ပြဌာန်းခဲ့သော ဥပဒေအရ တရားမဝင်သဖြင့် အသစ်ပြန်လည် ဖွဲ့စည်းပေးရန် ပြည်သူလူထူက လက်မှတ်ရေးထိုး တောင်းဆိုသည့် လှုပ်ရှားမှုကို ဧပြီ ၅ ရက်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါလှုပ်ရှားမှုကို ဧပြီ ၅ရက်က တာမွေမြို့နယ် မေတ္တာညွှန့်ရပ်ကွက်၊ ကျောက်တန်းခန်းမတွင် တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ပွဲ ကော်မရှင် တရားမ၀င်ကြောင်းနှင့် ပတ်သက်ပြီး ရှင်းလင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါပွဲကို ပြုလုပ်သည့် ပြည်သူ့ လှုပ်ရှားမှု မြှင့်တင်ရေးကွန်ယက်မှ ဦးဆောင်ကော်မတီဝင်၊ တွဲဖက် တာဝန်ခံ ဦးကြည်လင်းက ''ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ဥပဒေနှင့် မညီဘူးဆိုတာကို နိုင်ငံတော်သမ္မတ၊ ကော်မရှင်နဲ့ ပြည်ထောင်စုလွတ်တော်ကို သိစေချင်တယ် ''ဟု ပြောသည်။

စစ်ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး ဦးဆောင်သည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်တွင် နိုင်ငံတော် သမ္မတက ဖွဲ့စည်းပေးထားခြင်းဖြစ်ကာ ၂၀၁၀ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေအရ ခန့်အပ်ထားခြင်းဖြစ်သည်။

ယင်းနောက် ၂၀၁၂ ခုနှစ် မတ်လ ၁၉ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေ (၂၀၁၂) ကို ပြဌာန်းလိုက်ပြီး ၂၀၁၀ ဥပဒေကို ရုတ်သိမ်းလိုက်သည်။ သို့ဖြစ်၍ ၂၀၁၀ ဥပဒေ အရ ခန့်အပ်ထားသော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ရုတ်သိမ်းပြီး အသစ် ပြန်လည် ဖွဲ့စည်းရမည်ဟု တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောသည်။

၎င်းက '' လက်ရှိကော်မရှင်သည် ၂၀၁၂ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥပဒေ မပေါ်ပေါက် မီက ဖွဲ့စည်းထားတဲ့ ကော်မရှင်ဖြစ်တဲ့ အပြင် ၂၀၁၂ နဲ့ ၂၀၁၀ ဥပဒေပါ ကော်မရှင်အဖွဲ့ဝင်များရဲ့ ပြဌားန်ချက်များနဲ့ မတူကြသဖြင့် အသစ်ပြန်လည်ဖွဲ့စည်းရန် လိုအပ်နေပါတယ်''ဟု ပြောသည်။

ယနေ့ တောင်းဆိုမှုတွင် ပြည်သူ ၁၀၀ ကျော်က လက်မှတ်ရေးထိုးခဲ့သည်ဟု ပါဝင်လှုပ်ရှားခဲ့သူ တစ်ဦးဖြစ်သည့် ပြည်သူ့ လှုပ်ရှားမှု မြှင့်တင်ရေးကွန်ယက်မှ ဦးစိုးကျော်သူက ဆိုသည်။

ယင်းကဲ့သို့ ရွေးကောက်ပွဲ ကော်မရှင်ကို အသစ် ပြန်လည် ဖွဲ့စည်းပေးရန် တောင်းဆိုမှုကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလက စတင် လှုပ်ရှားခြင်းဖြစ်ကာ ယခုအကြိမ်သည် တတိယ အကြိမ်မြောက် ဖြစ်သည်။ ပြီးခဲ့သည့် နှစ်ကြိမ် ပြုလုပ်ခဲ့ရာမှ တောင်းဆိုလက်မှတ် ၁၀၀၀ ကျော် ရရှိပြီး ယင်းလက်မှတ်များကို နိုင်ငံတော် သမ္မတနှင့် ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့ထားပြီးဖြစ်သည်ဟုလည်း ဦးကြည်လင်းက ဆိုသည်။

No comments: