Monday, April 20, 2015

အပစ်ရပ်မူကြမ်းပေါ် ကေအိုင်အို ဗဟိုကော်မတီဝင်များ ပြန်လည်သုံးသပ်ဆွေးနွေး

ဖနိဒါ

၇ ကြိမ်မြောက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး တွေ့ဆုံဆွေးနွေးမှုအပေါ် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဗဟိုကော်မတီဝင်များက ဧပြီလ ၁၈ ရက်က ပြန်လည် သုံးသပ်ဆွေးနွေးခဲ့သည် KIO ဗဟိုကော်မတီဝင် တစ်ဦးက ပြောသည်။

KIO ဌာနချုပ် လိုင်ဇာတွင် ဗဟိုကော်မတီဝင် ၂၀ ကျော် တွေ့ဆုံ၍ ရန်ကုန်နှင့် နေပြည်တော်များသို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုများကို ပြန်လည် ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

“ရန်ကုန်ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ရှင်းပြတယ်။ အဲဒီအပေါ် ပြန် သုံးသပ်တာပဲ”ဟု KIO ၏ အရပ်ဘက်အရာရှိ ဦးဒွဲပီဆာက မဇ္ဈိမကို ပြောသည်။

KIO ဗဟိုကော်မတီဝင်များ ဆွေးနွေးပြီးနောက် လူထုကိုလည်း ပြန်လည် ရှင်းလင်းသွားမည်ဟု သူက ပြောသည်။

ပြီးခဲ့သည့် မတ်လ ဒုတိယပတ်မှစတင်၍ KIO ၏ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဆရာကြီး ဦးဆွမ်းလွတ်ဂမ် ဦးဆောင်သော KIO ကိုယ်စားလှယ်များသည် နေပြည်တော်နှင့် ရန်ကုန်မြို့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲများတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

KIO ၏ အထွေထွေအတွင်းရေးမှူး ဒေါက်တာလဂျာ၊ ဆရာကြီး ဦးဆွမ်းလွတ်ဂမ်နှင့် ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်တို့ ပါဝင်သော ကိုယ်စားလှယ်များနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ၏ ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်သော အဖွဲ့တို့ မတ်လ ၁၆ ရက်က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထို့နောက် ၇ ကြိမ်မြောက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး တွေ့ဆုံဆွေးနွေးမှုကို မတ်လ ၁၇ ရက်မှ ၂၂ ရက်ထိ ဆွေးနွေးပြီးနောက် ရက်သတ္တပတ်ရပ်နားပြီး မတ်လ ၃၀နှင့် ၃၁ ရက်များတွင် ပြန်လည် တွေ့ဆုံဆွေးနွေးခဲ့ကာ မူကြမ်းပါ အချက်များကို သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြသည်။

No comments: