Friday, April 17, 2015

ဆီးဂိမ်းဘောလုံးပြိုင်ပွဲတွင် အိမ်ရှင်စင်ကာပူနှင့် မြန်မာ တအုပ်စုတည်းကျ

DVB

၂၀၁၅ စင်ကာပူဆီးဂိမ်းပြိုင်ပွဲ အသက် ၂၃ နှစ်အောက် အမျိုးသားဘောလုံးပွဲစဉ်တွေအတွက် အုပ်စုခွဲရာမှာ မြန်မာအသင်းဟာ အိမ်ရှင် စင်ကာပူအသင်းနဲ့ တအုပ်စုတည်း ကျပါတယ်။

ဧပြီလ ၁၅ ရက်နေ့က အုပ်စုခွဲရာမှာ အုပ်စု (အေ) မှာ မြန်မာ၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ ကမ္ဘောဒီးယား အသင်းတွေကျပြီး အုပ်စု (ဘီ) မှာတော့ ထိုင်း၊ မလေးရှား၊ ဗီယက်နမ် ၊ လာအို၊ ဘရူနိုင်းနဲ့ အရှေ့တီမောအသင်းတွေ တအုပ်စုတည်း ကျပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါရိုက်တာ မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်း ဦးတင်မြင့်အောင်ကတော့ အုပ်စု အခြေအနေအရ မြန်မာအသင်း အုပ်စုတက်ဖို့ အခွင့်အရေးကောင်းပေမယ့် အသင်းတိုင်းနီးပါးကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရဖို့ရှိတယ်လို့ သုံးသပ်ပြောပါတယ်။

“ကျနော့်အမြင်ကတော့ အေအုပ်စုမှာ မြန်မာအသင်းဟာ အရမ်းအခွင့်အရေးကောင်းတယ်၊ ဒါပေမယ့် ဘောလုံးမှာက ဘယ်အရာမှ လျှော့တွက်လို့ မရဘူး။ သေချာအကောင်းဆုံးပြင်ဆင်ပြီးတော့ ပွဲတိုင်းပွဲတိုင်းကို အကောင်းဆုံး တပွဲချင်းစီ သုံးသပ်ပြီးတော့ အနိုင်ရအောင် ကစားဖို့ အရေးကြီးပါတယ်။ ပွဲစဉ်ဇယားနဲ့ အုပ်စု အခြေအနေရကြည့်မယ်ဆိုရင်တော့ မြန်မာအသင်းဟာအုပ်စုတက်ဖို့ အလားအလာအများကြီး ရှိပါတယ်။ ခုအသင်းတွေက ဘယ်အသင်းမှ လျှော့တွက်လို့မရဘူး။ ကမ္ဘောဒီယား ယူ ၂၃ ကလည်း စင်ကာပူကို နိုင်ထားတယ်၊ အခက်ခဲဆုံးပြိုင်ဘက်ကတော့ အိမ်ရှင် စင်ကာပူရယ်၊ အင်ဒိုရယ်၊ ဖိလစ်ပိုင်ရယ် ခက်မယ်၊ ဖိလစ်ပိုင်လည်း တော်တော်ပြင်ဆင်မှုအားကောင်းတယ်။ ကျနော်တို့အသင်းကတော့ တော်တော်လေးကို စုစုစည်းစည်းဖြစ်နေပါပြီ။”

စင်ကာပူအသင်းနည်းပြ အစ်ဒီအစ်ခန်ဒါကတော့ အုပ်စုကို ကျေနပ်တဲ့အကြောင်းနဲ့ ပြိုင်ဘက် ဘယ်အသင်းကိုမှ လျှော့တွက်မှာ မဟုတ်ဘူးလို့ စင်ကာပူ အခြေစိုက် စီအန်အေ သတင်းဌာနကို ပြောပါတယ်။

“အုပ်စု (ဘီ) က ပိုကျပ်ပုံရပါတယ်။ ဒီကနေ့ အချိန်ကာလ အရှေ့တောင်အာရှမှာ အသင်း ငယ်လေးတွေဆိုတာ မရှိဘူးဆိုတာ မှတ်ထားရမယ်။ ကျနော်တို့ အိမ်နီးချင်းတွေ အတော်များများဟာ လွန်ခဲ့တဲ့နှစ်တွေမှာ အတော်လေး တိုးတက်လာတယ်၊ ဒါကြောင့် ကျနော်တို့ ဘယ်အသင်းကိုမှာ လျှော့တွက်မှာမဟုတ်ပါဘူး။”

ဆီးဂိမ်းပြိုင်ပွဲကို လာမယ့် ဇွန်လ ၅ ရက်ကနေ ၁၆ ထိ ကျင်းပမှာဖြစ်ပေမယ့် ဘောလုံးပွဲ စဉ်တွေကတော့ မေလ ၂၉ ရက်ကတည်းက စမှာပါ။ အုပ်စုနှစ်ခုတွင်း ပတ်လည်ကစားရာမှာ ထိပ်ဆုံး အမှတ်များဆုံးရတဲ့ အသင်း ၂ သင်းစီက ဆီမီးဖိုင်နယ်ဆက်လက်ကစားရမှာ ဖြစ်ပြီး နောက်ဆုံးဗိုလ်လုပွဲကိုတော့ ဇွန်လ ၁၅ ရက်နေ့ ကျင်းပမှာပါ။

No comments: