သီဟကိုကို
ဒေသန္တရ ရေနံချက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံသားလုပ်ငန်းရှင်များကို စွမ်းအင်ဝန်ကြီးဌာနမှ ဖိတ်ခေါ်ထားသည်။
ဒေသန္တရ ရေနံချက်လုပ်ခြင်း လုပ်ငန်းကို နိုင်ငံသားနှင့် နိုင်ငံသားပိုင် အဖွဲ့အစည်းများကို လုပ်ကိုင်ရန် ခွင့်ပြုသွားမည်ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် ကုန်ကြမ်း (ရေနံစိမ်း) ကို တရားဝင် လက်ယက်တွင်း လုပ်ကိုင်ခွင့်ရရှိသူမှသာ ရယူရမည်ဟု သတ်မှတ်ထားသည်။
ဒေသန္တရရေနံချက်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လိုသူလုပ်ငန်းရှင်သည် ကုန်ကြမ်းရယူမည့် လက်ယက် တွင်းဒေသနှင့် ပမာဏ၊ ကုန်ကြမ်းနှင့် ကုန်ချော သိုလှောင်အမျိုးအစား၊ ကုန်ချောဖြန့်ဖြူးမည့် အစီအစဉ်နှင့် ဒေသများကို စွမ်းအင်ဝန်ကြီးဌာနသို့ အဆိုပြုလျှောက်ထားရမည် ဖြစ်သည်။
အဆိုပါရေနံချက်လုပ်ငန်း၏ ၂၄ နာရီလျှင် ချက်လုပ်နိုင်မည့် အနည်းဆုံး ရေနံစိမ်း ဂါလန် ၁,၀၀၀ မှ အများဆုံး ဂါလန် ၂,၅၀၀ အတွင်းရှိသည့် ချက်လုပ်မှု စွမ်းရည်၊ ချက်လုပ်မည့် နည်းလမ်းများကို တင်ပြရ မည်ဖြစ်ပြီး ၄င်းလုပ်ငန်းလုပ်ကိုင်ရန် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ခံချက်ကို ပူးတွဲတင်ပြရမည် ဖြစ်သည်။
ဒေသန္တရ ရေနံချက်လုပ်ငန်းမှ ထွက်ရှိလာသည့် ချက်ဆီများ သိုလှောင်ဖြန့်ဖြူးရောင်းချခြင်းကို စွမ်းအင်ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့များ၏ စည်းကမ်းနှင့် အညီ ဆောင်ရွက်ရမည်ဖြစ်ပြီး လောင်စာသုံးစွဲခြင်းအတွက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ညွှန်ကြားချက်များကို စီမံ ဆောင်ရွက်ရမည် ဖြစ်သည်။
ဒေသန္တရ ရေနံချက်လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ကို စွမ်းအင်ဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာနတို့မှ စိစစ်ကာ ထုတ်ပေးသွားမည်ဖြစ်ပြီး ဒေသန္တရ ရေနံချက်လုပ်ငန်းလုပ်ငန်းကို လုပ်ကိုင်ခွင့်ပြုနိုင်ရေးအတွက် ၂၀၁၄ ခုနှစ်အတွင်း စွမ်းအင်ဝန်ကြီးဌာနမှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
No comments:
Post a Comment