Wednesday, April 22, 2015

ခြောက်ပွင့်ဆိုင်ရလဒ်များ လာမည့် လွှတ်တော်တွင် တင်မည့် ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကြမ်းတွင် ထည့်သွင်းရန် စောင့်စားနေ

ဝင်းကိုကိုလတ်

လာမည့် မတ်လ ၁၁ ရက်တွင် ပြန်လည် ကျင်းပမည့် လွှတ်တော်အစည်းအဝေးများ မတိုင်မီ ကျင်းပမည်ဟု ဆိုထားသည့် ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲမှ ရလဒ်များကို ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတွင် ထည့်သွင်းရန် စောင့်စားနေသည်ဟု ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ကော်မတီဝင်တစ်ဦးက ပြောသည်။

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက "လာမယ့်လွှတ်တော်မှာ (ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဥပဒေကြမ်း) တင်မယ်လို့ သိရပါတယ်၊ အခုထိတော့ ကျွန်တော်တို့ဆီ မူကြမ်း တရားဝင်မရောက်သေးဘူး’’ ဟု တယ်လီဖုန်းမှတစ်ဆင့် ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်း ရောက်ရှိလာပါက လွှတ်တော်၏ လုပ်ထုံးလုပ်နည်းများအတိုင်း အဆင့်ဆင့် တင်ပြသွားပြီး ဆွေးနွေးသွားမည်ဟု ဦးစောလှထွန်းက ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အကောင်အထည်ဖော်မှု ကော်မတီ အတွင်းရေးမှူး ဦးအေးမောက်က အဆိုပါဥပဒေကြမ်းတွင် သမ္မတ၊ လွှတ်တော်ဥက္ကဌနှစ်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တိုင်းရင်းသားကိုယ်စားလှယ် ဒေါက်တာအေးမောင်တို့ ပါဝင်သည့် ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲရလဒ်များကို စောင့်ဆိုင်ရန် လိုအပ်သည်ဟုလည်း ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲကို ဧပြီလ ၁၀ ရက်က ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ပြီး မကြာမီ ထပ်မံတွေ့ဆုံမည်ဖြစ်သည်။

၎င်းက ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲမှ ရလဒ်များအရ ၄၃၆(က) (ခ)၊ ပြည်ထောင်စုနှင့် ပြည်နယ်များ အကြား အခွန်၊ ဝင်ငွေခွဲဝေမှုများဖြစ်သည့် ဇယား ၁၊ ၂များလည်း ပြင်ဆင်နိုင်မည်ဟု ယုံကြည်သည်ဟု ဆက်လက်ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ရန် အတားအဆီးဖြစ်နေသည့် ပုဒ်မ ၅၉(စ)ပြင်ဆင်ရေး၊ မပြင်ဆင်နိုင်ရေးသည် သေချာပေါက်ပြောဆို၍ မရဟုလည်း ဦးအေးမောက်က ပြောသည်။

၎င်းက "ဒါကလည်း ဖြစ်ချင်လည်းဖြစ်နိုင်သလို အပြင်က ကြည့်ရင်လည်း ခက်ခဲနိုင်တယ်လို့ယူဆနိုင်တယ်’’ ဟု ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံအခြေခံဥပဒေပြဆင်ရေးလုပ်ငန်းစဉ်အား ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် မပြီးစီးပါက ရွေးကောက်ပွဲသပိတ်မှောက်ရေးသည် ရွေးချယ်မှုတစ်ခုဖြစ်လာနိုင်သည်ဟု မကြာမီက ပြောကြားထားသည်။

No comments: