Tuesday, April 7, 2015

နေပြည်တော်မှ ရှားပါးတိရစ္ဆာန် ရန်ကုန်သို့ ပေးပို့

မေစိုးစံ

နေပြည်တော် တိရစ္ဆာန်ဥယျာဉ်မှ ခြင်္သေ့ညို ၊ ကြံဖြူ၊ ဘို့တလုံး ကုလားအုတ် တစုံ၊ ငှက်ကုလားအုတ် တစုံ၊ မြင်းကျား တစုံ စုစုပေါင်း ရှားပါး တိရစ္ဆာန် ၈ကောင်ကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ ယနေ့တွင် ပေးပို့ခဲ့ကြောင်း သိရသည်။

“ရန်ကုန်တိရစ္ဆာန် ဥယျာဉ်မှာ မရှိတဲ့ အကောင်မျိုးကို ခေါ်လာတာပါ၊ မြင်းကျားဆိုရင် ဒီမှာ မရှိတာ ခြောက်နှစ်လောက် ရှိပြီ။ ငှက်ကုလားအုတ်ဆိုလည်း ၾသစေတ်းလ် ကက္ဆို၀ါဒီပဲ ရွိတာ တကယ်စစ်စစ် မရှိဘူး၊ ဘို့တလုံးလည်း မရှိဘူး ဒါကြောင့် ပြသချင်တာ”ဟု ရန်ကုန်တိရစ္ဆာဥယျာဉ်၏ အကြီးတန်း မန်နေဂျာ ဦးရဲလင်းစိုးက ပြောသည်။

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ ၀င်ရောက်လည်ပတ်သည့် လူဦးရေသည် နှစ်စဉ် တသန်းကျော် ရှိသော်လည်း ယခုနှစ်တွင် ၀င်ရောက်သည့် လူဦးရေ လျှော့နည်းနေသည့်အတွက် ယခုလို တိရစ္ဆာန်များ ဖြည့်တင်းခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ၀င်ကြေးသတ်မှတ်ချက်မှာ လူကြီးတဦးလျှင် ကျပ် ၁၀၀၀၊ ကလေး တဦးလျှင် ကျပ် ၅၀၀ ဖြစ်ပြီး၊ နိုင်ငံခြားသား တဦးလျှင် ကျပ် ၃၀၀၀ သတ်မှတ်ထားပြီး၊ မိဘမဲ့ကျောင်းများ၊ စာသင်ကျောင်းများမှ ကျောင်းသားကလေးများအတွက် အခမဲ့ ၀င်ခွင့်များ ပေးထားကြောင်း သိရသည်။

တိရစ္ဆာန် အကောင်ရေ နည်းပါးခြင်းနှင့် ထူးကုမ္ပဏီက ၂၀၁၁ ခုနှစ်မှ စတင်ပြီး နှစ်ရှည်ဌားရမ်းမှု ပြုလုပ်ပြီးနောက်ပိုင်း ၀င်ကြေးနှုန်းခများ မြှင့်တင်လိုက်သဖြင့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ မိသားစုအလိုက် လာရောက် လည်ပတ်မှုများ လျှော့ကျခဲ့ပြီး ယခုနှစ်အတွင်း ကျောင်းသားသပိတ် အရေးအခင်း ၊တက္ကသိုလ်ဝင်တန်း စာမေးပွဲ ရှိခဲ့သည့် အတွက် လာရောက်သူ လျော့ကျခဲ့သည်ဟု ဦးရဲစိုးလင်းက ပြောသည်။

ရန်ကုန်တိရစ္ဆာန် ဥယျာဉ်တွင် ယခုနှစ်အတွင်း အမှိုက်များ စနစ်တကျ စွန်ပစ်ရန် အမှိုက်ပုံးများ ထားရှိပေးခြင်း၊ စိမ်းလန်း သစ်ပင်ပန်းမန်များ စိုက်ပျိုးလာခြင်း၊ လေ့လာကြသူများ အနားယူနိုင်သည့် နေရာများ ဆောက်လုပ်ပေးခြင်းဖြင့်နှင့် အတူ ရှာပါး တိရစ္ဆာန်များ တိုးချဲ့ ပြသရန် စီစဉ်ခြင်းများ ပြုလုပ်ပြီး မြှင့်တင်မှု ပြုလာသည်ကို တွေ့ရသည်။

ရန်ကုန်တိရစ္ဆာန် ဥယျာဉ်သို့ လေ့လာလည်ပတ်သူ အများဆုံး လာရောက်သည့် အချိန်ကာလသည် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုပြီးချိန်၊ တရုတ်နှစ်ကူးနှင့် သင်္ကြန်အပြီး နှစ်ဆန်းတရက်နေ့တို့ ဖြစ်ပြီး၊ ပြီးခဲ့သည့်နှစ် နှစ်ဆန်းတရက်နေ့ တရက်ထဲတွင် ရန်ကုန်တိရစ္ဆာန် ဥယျာဉ်သို့ လာရောက်လည်ပတ်သည့် ဦးရေသည် ၁၃,၈၅၃ ဦး အထိ ရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်တိရစ္ဆာန် ဥယျာဉ်တွင် လက်ရှိအချိန်၌ တိရစ္ဆာန် အကောင်ရေ ၁၃၀၀ ရှိပြီး၊ နို့တိုက် သတ္တ၀ါ မျိုးစိတ်ပေါင်း ၄၅ မျိုး၊ တွားသွား သတ္တ၀ါ မျိုးစိတ်ပေါင်း ၁၈ မျိုး၊ ကျေးငှက် မျိုးစိတ်ပေါင်း ၆၈ မျိုးဖြင့် မျိုးစိတ် စုစုပေါင်း ၁၃၁ မျိုး ရှိကြောင်း မှတ်တမ်းများအရ သိရသည်။

No comments: