Sunday, April 26, 2015

၉၀ ရွေးကောက်ပွဲ ၂၅ နှစ်မြောက် အထိမ်းအမှတ် ကျင်းပရန် စီစဉ်

ဇူးဇူး

၁၉၉၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ၂၅ နှစ်မြောက် ငွေရတု အခမ်းအနားကို မေလ ၂၇ ရက်တွင် ရန်ကုန်မြို့ရှိ ယုဒသန် ခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ယင်းအခမ်းအနားကို ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့(MPU)က ပြုလုပ်ခြင်းဖြစ်ပြီး ငွေရတု အခမ်းအနား ကျင်းပ ရေး ကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၂ ရက်တွင် ဖွဲ့စည်းခဲ့ကြောင်း ကျင်းပရေး ကော်မတီဝင်များက ပြောပြ သည်။

“၁၉၉၀ ရွေးကောက်ပွဲ ပြီးသွားတဲ့ကာလက ၂၅ နှစ်ရှိခဲ့ပြီ။ ၂၅ နှစ်ကာလအတွင်း ၉၀ လွှတ်တော်ကိုယ်စား လှယ်တွေ ဖြတ်သန်း ခဲ့ရတဲ့ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေလည်း ဆွေးနွေးသွားမှာဖြစ်ပါတယ်။ အဓိက ကတော့ နိုင်ငံရေး အနှစ်သာရပြည့်ပြည့်ရှိတဲ့ ငွေရတုအခမ်းအနားတခုကို လုပ်မှာပါ”ဟု ကျင်းပရေး ကော်မတီအဖွဲ့ဝင် ဦးဒေးဗစ်လှမြင့်က ဧရာဝတီ သို့ ပြောသည်။

အခမ်းအနားတွင် ၁၉၉၀ ရွေးကောက်ပွဲနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်များနှင့် ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ ရှေ့ဆက်သွားမည့် ရည်ရွယ်ချက်များနှင့် လုပ်ငန်းစဉ် များကိုလည်း အများပြည်သူ သိရှိစေရန် ချပြသွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ယင်းငွေရတုအခမ်းအနားသို့ ပြည်တွင်းပြည်ပရှိ ၁၉၉၀ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ ကွယ်လွန်သွား သည့် လွှတ်တော်ကိုယ်စားလှယ်များ၏ မိသားစုဝင်များ၊ ၁၉၉၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံ ရေးပါတီများ ထဲမှ ရွေးကောက်ခံခဲ့ရသည့်ပါတီများ၊ မဟာမိတ်တိုင်းရင်းသားအဖွဲ့အစည်းများ၊ ပါတီများ၊ နိုင်ငံရေးသမား ဟောင်းကြီးများ ကို ဖိတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

၁၉၉၀ ရွေးကောက်ပွဲ ၂၅ နှစ်ကြာသည့်တိုင်အောင် ၉၀ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူ လူထုအပေါ် ယခုအချိန်အထိ ဖြောင့်ဖြောင့်မှန်မှန်ရပ်တည်ခဲ့ကြောင်း၊ ၂၅ နှစ် ကြာပြီဖြစ်သော်လည်း ၉၀ ရွေးကောက် ပွဲရလဒ်ကို တာဝန်ရှိသူ အစိုးရတရပ်က အသိအမှတ်မပြုခဲ့ခြင်း၊ ကတိက၀တ်များပျက်ခဲ့ခြင်းတို့ကို ငွေရတုအခမ်းအနား က မီးမောင်းထိုးပြချင်သည့်သဘောဖြစ်သည်ဟု ကျင်းပရေးကော်မတီဝင်များက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ မေ၀င်းမြင့်က“အဲဒီတုန်းက နိုင်ခဲ့တယ်။ လွှတ်တော်ခေါ်မပေးခဲ့ဘူး။ ခေါ်မပေးတဲ့အပြင် အဖမ်းခံရတာတွေရှိခဲ့တယ်။ ဒါကကို အမှတ်တရတခုအနေနဲ့ရှိနေ တယ်။ မေ့လည်းမမေ့ဘူး။ ဒါပေ မယ့် တိုင်းပြည်အတွက်၊ နိုင်ငံသူ နိုင်ငံသားတွေရဲ့ ကောင်းကျိုးကိုပဲကြည့်ပြီး အကောင်းဆုံးလုပ်ဆောင်သွားဖို့ရှိပါတယ်။ အခုချိန်မှာတော့ အနောက်ကဖြစ်ခဲ့တာတွေကို သင်ခန်းစာယူမယ်။ ဒါကြီးကိုပဲ စဉ်းစားပြီး ရှေ့ဆက်မသွားလို့မဖြစ်ဘူး”ဟု ပြောသည်။

လက်ရှိအချိန်တွင် ၁၉၉၀ ပြည့်နှစ်တွင် ပါတီအသီးသီးမှ ရွေးကောက်ခံခဲ့ရသည့် လွှတ်တော်ကိုယ်စားလှယ် ပြည်ပတွင် ၃၀ ကျော်ရှိပြီး ပြည်တွင်း ပြည်ပ စုစုပေါင်း ၂၀၀ ကျော် သက်ရှိထင်ရှား ရှိနေဆဲဖြစ်ကြောင်း သိရသည်။

၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့(MPU)ကို ၂၀၁၄ ခုနှစ် မတ်လတွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဥက္ကဋ္ဌ မှာ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ဖြစ်သည်။

၁၉၉၀ အထွေထွေရွေးကောက်ပွဲကို မေ ၂၇ ရက်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ၉၃ ပါတီ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကာ အဆိုပါ ၉၃ ပါတီ အနက် အနည်းဆုံးလွှတ်တော်ကိုယ်စားလှယ်တဦးအထိ ရွေးကောက်တင်မြှောက်ခံရသော ပါတီအပါအ၀င် ၂၇ ပါတီ ရွေးကောက် ခံခဲ့ရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ ပြည့်နှစ် မေ ၂၇ ရက်တွင် ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပေါင်း ၄၉၂ နေရာ၌ ၃၉၂ နေရာ အနိုင်ရရှိခဲ့သည်။

သို့သော် ယင်းရလဒ်အား စစ်အစိုးရက အကောင်အထည် ဖော်ပေးခြင်းမရှိခဲ့ဘဲ အစိုးရဖွဲ့ရန် ငြင်းဆန်ခံခဲ့ရကာ အနိုင်ရလွှတ်တော် ကိုယ်စားလှယ် အများစုမှာလည်း အကျဉ်းချခြင်းခံခဲ့ရသည်။

ထို့ကြောင့် လွှတ်တော်ပေါ်ပေါက်ရေးအတွက် ကြိုးပမ်းရန်၊ ၁၉၉၀ ရလဒ် အကောင်အထည် ဖော်ဆောင်ရေး ကြိုးပမ်းရန်၊ လွှတ်တော် မပေါ်ပေါက်မီကာလတွင် လွှတ်တော်ကဲ့သို့ ဆောင်ရွက်ရန်ဟူသည့် ရည်ရွယ်ချက်များဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (Committee for Representative People Parliament – CRPP) ကို ၁၉၉၈ ခုနှစ် စက်တင်ဘာလ ၁၆ ရက်တွင် ၉၀ ရွေးကောက်ပွဲ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းခဲ့ကြသည်။

CRPP တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)မှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၉ ဦးနှင့် တိုင်းရင်းသား ပါတီများဖြစ်သည့် ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန် အမျိုးသား ပါတီ၊ ဇိုမီး ဒီမိုကရေစီ ကွန်ဂရက် ပါတီ ၄ ပါတီ ပေါင်းမှ ကိုယ်စားလှယ် ၁ ဦး စုစုပေါင်း ၁၀ ဦး ပါဝင်သည်။

No comments: