Monday, April 20, 2015

ယခုနှစ် သင်္ကြန်ကာလ ယာဉ်တိုက်မှု ၅၀ဖြစ်ခဲ့ပြီး ယမန်နှစ်ထက် လျော့နည်း

နန်းမြင့်

၂၀၁၅ ခုနှစ် သင်္ကြန်ကာလတွင် ရန်ကုန်တိုင်းဒေသကြီး၌ ယာဉ်တိုက်မှု ၅၀မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၁ဦးနှင့် ဒဏ်ရာရရှိသူ ၁၃၄ဦး ရှိခဲ့သည်ဟု အမှတ်၂ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် ဇော်မျိုးထွန်းက မဇ္ဈိမကို ပြောသည်။

အဆိုပါ သင်္ကြန်ကာလဖြစ်သည့် ဧပြီ ၁၃ရက်မှ ၁၆ရက်အထိ ယာဉ်တိုက်မှု ၅၀ တွင် ဒဏ်ရာရရှိသူ အမျိုးသား ၈၆ဦး၊ အမျိုးသမီး ၄၈ဦး နှင့် သေဆုံးသူအမျိုးသား ၁၁ဦး ရှိခဲ့သည်။ ယင်း ယာဉ်တိုက်မှု ၅၀တွင် သင်္ကြန်ရေကစားရင်း ဖြစ်ခဲ့သည့် ယာဉ်တိုက်မှု ၈မှု ပါဝင်ခဲ့ပြီး ဒဏ်ရာရရှိသူ ၆၁ဦးနှင့် သေဆုံးသူ ၂ဦးတို့ ရှိခဲ့သည်။

အဆိုပါ ကိန်းဂဏန်းသည် ယခင် ၂၀၁၄ခုနှစ်ထက် လျော့နည်းခဲ့သည်ဟု စာရင်းဇယားများ အရ သိရသည်။

ရဲအုပ် ဇော်မျိုးထွန်းက '' ဒီနှစ်သင်္ကြန်တွင်း ယာဉ်တိုက်မှု လျော့နည်းခြင်းက သင်္ကြန်မတိုင်ခင် အကြိုကာလအနေနဲ့ မော်တော်ယာဉ်တွေကို စစ်ဆေးခြင်း၊ အရေးယူခြင်းတွေ ပြုလုပ်ခဲ့တာကြောင့် ဖြစ်တယ်''ဟု ပြောသည်။

၂၀၁၄ခုနှစ် သင်္ကြန်ကာလအတွင်းတွင် ယာဉ်တိုက်မှု ၆၁မှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၁၇၈ဦးနှင့် သေဆုံးသူ ၁၅ဦး ရှိခဲ့သည်။

၂၀၁၅ခုနှစ် သင်္ကြန်ကာလ ယာဉ်တိုက်မှုနှင့် ယာဉ်တိမ်းမှောက်မှုများတွင် လိုက်ထရပ်ကားများ အများဆုံးဖြစ်ပွားခဲ့ပြီး အလေးချိန် ပိုမို တင်ဆောင်ခြင်းနှင့် အရှိန်ပြင်းမောင်းနှင်ခြင်းတို့ကြောင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

သတ်မှတ် အလေးချိန် နှင့် လူ ပိုမိုတင်ဆောင်သည့် ကားများကို အရေးယူမည်ဟုလည်း သင်္ကြန်မတိုင်မီကာလကပင် ထုတ်ပြန်ထားသေးသည်။

No comments: