Tuesday, April 7, 2015

ချောင်းသာ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့နှင့် ဈေးသည်များ ပဋိပက္ခ ၁၄ ဦး ဖမ်းဆီးထား

ဆလိုင်းသန့်စင်

ချောင်းသာကမ်းခြေ၌ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့နှင့် ဈေးသည်များအကြား ဧပြီလ ၅ ရက်က ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့် ပတ် သက်ပြီး လူ ၁၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး တရားစွဲဆိုထားကြောင်း သိရသည်။

ချောင်းသာကမ်းခြေ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့က ဧပြီလ ၅ ရက်ညနေပိုင်းတွင် ကမ်းခြေတလျှောက်ရှိ သတ်မှတ် စည်းကမ်းနှင့် မညီညွတ်သော ဈေးဆိုင်များကို ရှင်းလင်းရာမှ ဈေးသည်တချို့နှင့် ပဋိပက္ခ ဖြစ်ပွားကြောင်း၊ ဈေးသည်များက စည်းကမ်း ထိန်း သိမ်း ရေး အဖွဲ့မှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးကို ဈေးသည်များက ရိုက်နှက်ခဲ့ကြကြောင်း နယ်မြေခံရဲတပ်ဖွဲ့က ပြောသည်။

ထိုသို့ ရိုက်နှက်ခံရသည့် အတွက် ကမ်းခြေ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့မှ အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က တရားလို ပြုလုပ်ပြီး အမှုဖွင့်လှစ်ရာ ချောင်းသာနယ်မြေ ရဲစခန်းက ပြစ်မှုနံပါတ် ၂၆/၂၀၁၅ ၊ တာဝန်ထမ်းဆောင်နေသည့် ပြည်သူ့ ၀န်ထမ်းအား လက်ရောက်မှု ပုဒ်မ ၃၃၃ ၊ ပုဒ်မ ၂၉၄(ဆဲဆိုမှု) တို့ဖြင့် ဈေးသည် ဒေါ်မြင့်ကြည် အပါအ၀င် ၁၄ ဦးကိုဖမ်းဆီး၍ အမှုဖွင့် တရားစွဲဆို ထားခြင်း ဖြစ်ကြောင်း သိရသည်။

“ကမ်းခြေ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့က သူတို့မှာ တာဝန်ရှိတဲ့အတိုင်း ကမ်းခြေရှင်းလင်းရေး ဆောင်ရွက်ရာမှာ ဈေးသည်တွေက ၀ိုင်းရိုက်ကြတာပါ။ အမှုဖွင့်ထားတဲ့ ပုဒ်မအရ အာမခံပေးလို့ မရတဲ့အတွက် သူတို့ကို ဖမ်းဆီး ထိန်းသိမ်းထားတာ ဖြစ်ပါတယ်” ဟု ချောင်းသာရဲစခန်းမှ စခန်းမှူး ရဲအုပ် အုန်းကျော်က ဧရာဝတီကို ပြောသည်။

ဖမ်းဆီးခံထားရသူ ၁၄ ဦးတွင် ဈေးသည် အမျိုးသမီး ၈ ဦး ပါဝင်ပြီး ကျန်အမျိုးသား ၆ ဦးတွင် ချောင်းသာကမ်းခြေသို့ လာရောက် လည်ပတ်သူ ဧည့်သည် ၃ ဦး ပါဝင်ကြောင်း သိရသည်။

ချောင်းသာကမ်းခြေတွင် ၂၀၁၄ ခုနှစ်က စတင်ပြီး ကမ်းခြေတလျှောက်တွင် ဆိုင်ခုံများဖြင့် အခြေတကျ ဈေးမရောင်းရန်၊ စက်တပ် ယာဉ် မမောင်းရန်၊ အမှိုက်များ မစွန့်ပစ်ရန် စသဖြင့် ပုသိမ်မြို့နယ် အုပ်ချုပ်ရေးဌာနက ဒေသန္တရအမိန့် ထုတ်ပြန်ထားပြီး ယင်း အမိန့်အရ ကမ်းခြေ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့က အခါအားလျော်စွာ ဖမ်းဆီးအရေးယူခြင်းများ ပြုလုပ်လျက်ရှိသည်ဟု ဆို သည်။

စည်းကမ်းထိန်းသိမ်းရေး အဖွဲ့သည် ချောင်သာကမ်းခြေ ဒေသခံများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။

စည်းကမ်းထိန်းသိမ်းရေး အဖွဲ့က ရှင်းလင်းသော ဈေးဆိုင်များမှာ ခုံများခင်း၍ ဆိုင်အခြေတကျ တည်ပြီး ရောင်းချနေသည့် ဈေးဆိုင် များ ဖြစ်ကြောင်းလည်း သိရသည်။

ချောင်းသာ ကမ်းခြေမှ ဈေးသည်တဦး ဖြစ်သည့် မအေးစန္ဒာက စည်းကမ်းထိန်းသိမ်းရေး အဖွဲ့က မကြာခဏ ဆိုသလို ဆိုင်ခုံနှင့် ဈေးရောင်းချသည့် ပစ္စည်းများ သိမ်းယူမှုကြောင့် မိမိတို့ ဈေးသည်များမှာ ထိခိုက်နစ်နာမှုများစွာ ကြုံတွေ့ရကြောင်း ပြောသည်။

“ကမ်းခြေမှာ သင့်တော်တဲ့ နေရာပေးပါ ဆိုတော့လည်း သူတို့က (စည်းကမ်းထိန်းသိမ်းရေးအဖွဲ့) မပေးဘူး။ နေရာ မပေးဘဲနဲ့ ဆိုင်ခုံနဲ့ ရောင်းတဲ့ဆိုင်တွေကို ဖမ်းတယ်။ ပစ္စည်းတွေ သိမ်းတယ်။ အဲဒီတော့ ဈေးရောင်းပြီး အသက်မွေးရတဲ့ ကျမတို့ ဈေးသည် တွေမှာ အရမ်းဒုက္ခရောက်တယ်”ဟုလည်း မအေးစန္ဒာက ပြောဆိုသည်။

ကမ်းခြေ၌ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်များ၊ ဆိုင်းထမ်းဖြင့် ရောင်းချသည့် ရွေ့လျားဈေးသည်များကို ခွင့်ပြုပေးထားကြောင်း၊ ကမ်း ခြေ ညစ်ညမ်းမှု မရှိစေရန်နှင့် သာယာလှပစေရန် အတွက် ကမ်းခြေ၌ ချက်ပြုတ်ပြီး အတည်တကျ ဆိုင်ခင်း ရောင်းချမှုများကိုသာ ခွင့်မပြုခြင်း ဖြစ်ကြောင်း ကမ်းခြေ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောသည်။

“ကမ်းခြေမှာ ခေါင်းရွက်ဗျပ်ထိုးနဲ့ ဆိုင်းထမ်းနဲ့ ရောင်းတဲ့ ဈေးသည်တွေကို ခွင့်ပြုပေးထားတယ်။ ဈေးဆိုင်ခုံတွေ ကျတော့ ခင်းချင် သလိုခင်းတဲ့အခါ ကမ်းခြေမှာ အပန်းဖြေစရာနေရာတောင် မရှိဘူး။ ဈေးသည်တွေနဲ့ချည်း အကုန်ပြည့်နေတယ်။ သူတို့က ကမ်းခြေ မှာပဲ အိပ်တယ်၊ ချက်ပြုတ်စားတယ်။ အညစ်အကြေး စွန့်တယ်။ အမှိုက်တွေ ပစ်တယ်။ ရေရှည်မှာ ကမ်းခြေ ပျက်စီးသွားနိုင်တယ်။ ဒါကြောင့် ကမ်းခြေ သာယာလှပရေးနဲ့ ရေရှည် တည်တံ့ဖို့အတွက် ကြပ်မတ် ဆောင်ရွက်တာပါ”ဟု ၎င်းက ရှင်းပြသည်။

ချောင်းသာကမ်းခြေတွင် ဆိုင်ခုံဖြင့် အတည်တကျ ဈေးရောင်းသူ ၇၀ ကျော် ရှိပြီး ခေါင်းရွက်ဗျပ်ထိုးဈေးသည် ၂၅၀ ကျော် ရှိကြောင်း သိရသည်။

ပုသိမ်မြို့နယ် ရွှေသောင်ယံမြို့နယ်ခွဲအတွင်း တည်ရှိသည့် ချောင်းသာ ကမ်းခြေသို့ နှစ်စဉ် ခရီးသွားဝင်ရောက်မှု တိုးများနေပြီး လာရောက် လည်ပတ်သူ အများစုသည် ပြည်တွင်းခရီးသွားများ ဖြစ်ကြသည်။

No comments: