Thursday, April 2, 2015

ဖမ်းဆီး ခံကျောင်းသားများ လွတ်မြောက်ရေး ဆန္ဒပြရန် ကြိုးပမ်းသူ ငါးဦးကို ဖမ်းဝရမ်းထုတ်

ထက်ထက်အောင်

ကျောင်းသား သပိတ်အား အကြမ်းဖက်ဖြိုခွင်းခံရခြင်းနှင့် ဖမ်းဆီးခံ ထားရသူများအတွက် မတ်လ၂၇ရက်ကမြင်းခြံတွင် ဆန္ဒဖော် ထုတ်ရန် ကြိုးပမ်းသည့်ဒေသခံ ငါးဦးကို ဝရမ်းထုတ် ထားသည် ဟုမြင်းခြံ အမှတ်(၁)ရဲစခန်းမှ စခန်းမှူးမြင့်နိုင်က မဇ္ဈိမ ကိုပြောသည်။

အဆိုပါဒေသခံငါးဦးမှာ ကိုသန့်ဇင်၊ ကိုကိုနိုင်၊ ဦးထင်အောင်ကျော်၊ ကိုအောင်စိုးသိန်းနှင့် ကိုဖြိုးဟန်တို့ဖြစ်ပြီး ယင်းတို့အနက်မှ ကိုသန့်စင်ကို မတ် ၃၀ရက်တွင် ပုဒ်မ ၅၀၅(ခ)၊ ၁၄၃၊ ၁၄၅တို့ဖြင့် တရားစွဲဆိုကာ မြင်းခြံထောင်တွင် ဖမ်းဆီးထိန်း သိမ်းထား သည်ဟုသိရသည်။

ကိုသန့်စင်သည် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(အထက်ဗမာပြည်) ဥက္ကဋ္ဌ ဟောင်းတစ်ဦးဖြစ် ပြီးနိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦး လည်းဖြစ်သည်။

အမှတ်(၁)ရဲစခန်းမှ စခန်းမှူးမြင့်နိုင်က "ကျောင်းသား မဟုတ်တဲ့ နိုင်ငံရေး လှုပ်ရှားသူတွေကို ဖမ်းတာပါ။ သမိုင်းရှိသူတွေကို ဝရမ်းထုတ် တာဖြစ်ပါတယ်။ မတ် ၂၇ ရက်က ဖမ်းထား တဲ့သူတွေ ထဲမှာလည်း အသက် ၃၀ကနေ ၆၅နှစ် အရွယ်ကျောင်း သားအရွယ် မဟုတ်သူတွေပဲ ပါပါ တယ်လို့ပြော ချင်ပါတယ်” မဇ္ဈိမ ကိုပြောသည်။

မတ်လ ၂၇ရက်တွင် မဖြူ(ခ) ခင်သန္တာအောင်၊ ကိုဥာဏ်မြင့်သန်း၊ကိုစိန်ထွန်း၊ ကိုကျော်သန်းထွန်းနှင့် ကိုစည်သူမြတ်တို့ ငါးဦးကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့ကို အာမခံ မရသည့်ပုဒ်မများဖြစ်သော ပုဒ်မ ၁၄၃ (ဥပဒေနှင့်ဆန့်ကျင်သော အစုအဝေး တခုတွင် ပါဝင်သူ၊ ပုဒ်မ၁၄၅ (လူစုခွဲရန်အမိန့်ပေးပြီးကြောင်း သိလျက် ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးတွင် ပါဝင်နေခြင်း)၊ ပုဒ်မ ၅၀၅(ခ) (အများပြည်သူ၏ အကျိုးပျက်စီးစေမှု)တို့ဖြင့် အမှုဖွင့်ခဲ့သည်ဟု ၎င်းက ဆိုသည်။

အဆိုပါ ဖမ်းဆီးခံရသူငါးဦးကို ဧပြီ ၁၀ရက်တွင် ရုံးထုတ်မည်ဟုသိရသည်ဟုလည်း မြင်းခြံကျောင်းသားလှုပ်ရှားမှုမှ ပြန်ကြားရေးတာဝန်ခံ ကိုဟန်ဖြိုးဝေက ဆို သည်။

No comments: