ဆလိုင်းသန့်စင်
ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်ခရိုင် အတွင်းရှိ ပုသိမ်၊ ကန်ကြီးထောင့်နှင့် ငပုတော မြို့နယ်များရှိ ကျေးရွာ ရပ်ကွက်များတွင် ၀မ်းပျက် ၀မ်းလျှော ဖြစ်ပွားနေကြောင်း သိရသည်။
“၀မ်းပျက်ဝမ်းလျှောက ပုသိမ်မြို့ပေါ်က ရပ်ကွက်တွေမှာ အတော်လေး ဖြစ်နေတယ်။ အဓိက ကတော့ နွေရာသီ ရောက်လာတော့ ရေရှားတယ်။ ရှိတဲ့ရေတွေ သုံးတဲ့အခါမှာ မသန့်တဲ့ ရေတွေ အသုံးပြုမိလို့ပေါ့။ နောက်ပြီး ရေကို ကျိုချက်ပြီး မသောက်ဘူး၊ ဆေး ခတ်ပြီး မသောက်ဘူး။ အဲဒါတွေကြောင့် ဖြစ်တာပေါ့”ဟု ပုသိမ်မြို့ပေါ်ရှိ လူမှုကူညီရေး အဖွဲ့ တဖွဲ့မှ ကျန်းမာရေး လုပ်သားတဦးက ပြော သည်။
ရောဂါဖြစ်ပွားသည့် နေရာများအနက် ပုသိမ်မြို့နယ်တွင် အများဆုံး ဖြစ်ပွားနေကြောင်း၊ မသန့်ရှင်းသော သောက်သုံးရေများ အသုံးပြုခြင်းကြောင့် မြို့နယ်အတွင်းရှိ အမှတ် ၅၊ ၉၊ ၁၀၊ ၁၄ ရပ်ကွက်များ၊ မြင်းကကွင်း၊ လက်ပံ၊ ထိန်တန်း၊ ကြက်ပေါင် စသည့်ကျေးရွာ အုပ်စုများတွင် ဖြစ်ပွားမှုများနေကြောင်း ပုသိမ်မြို့ခံများက ပြောပြသည်။
ပုသိမ်ခရိုင် အတွင်းတွင် ဖေဖော်ဝါရီ လကုန်ပိုင်းမှ စတင်ပြီး ၀မ်းပျက်ဝမ်းလျှော ဖြစ်ပွားလာကြောင်း၊ ယခုဧပြီလ အတွင်း၌ ဖြစ်ပွားသူဦးရေ ပိုများလာခြင်း ဖြစ်ကြောင်း ပုသိမ်ဆေးရုံ၏ ဆေးကုသမှု မှတ်တမ်းများတွင် ဖော်ပြထားသည်။
ထိုမှတ်တမ်းများအရ ၀မ်းပျက်ဝမ်းလျှော ဖြစ်ပွားမှုတွင် သာမန် ၀မ်းပျက်ဝမ်းလျှော ဖြစ်သူ ၂၅၄ ဦးနှင့် ပြင်းထန် ၀မ်းပျက်ဝမ်းလျှော (ကာလ၀မ်း) ရောဂါဖြစ်သူ ၆၀ ရှိကြောင်း သိရသည်။
ဧပြီလ ၁ ရက်မှ စတင်ပြီး လက်ရှိအချိန်အထိ ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီး၌ ၀မ်းပျက်ဝမ်းလျှော လူနာပေါင်း ၃၀၀ ကျော် တက်ရောက် ကုသခဲ့ကြောင်း၊ လူနာ ၂၇၀ ကျော်သည် ရောဂါသက်သာသဖြင့် ဆေးရုံမှ ပြန်ဆင်းသွားပြီဖြစ်ကြောင်း၊ လက်ရှိအချိန် တွင် လူနာ ၅၄ ဦးကို လက်ခံကုသပေးနေကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာ တင်မောင်ညွန့်က ဧရာဝတီကို ပြောသည်။
“လက်ရှိမှာ လူနာ ၅၄ ဦးကို လက်ခံ ကုသပေးနေပါတယ်။ ဒီလူတွေအားလုံးက တနေရာတည်းက လာကြတာ မဟုတ်ပါဘူး။ ပုသိမ်၊ ငွေဆောင်၊ ကန်ကြီးထောင့်၊ ငပုတော စတဲ့ဒေသက လူနာတွေပါ။ ကပ်ရောဂါသဖွယ် တနေရာတည်းမှာ အပြင်းအထန် ဖြစ် နေတာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်။ လူနာတွေ အခြေအနေကတော့ စိုးရိမ်စရာ မရှိပါဘူး”ဟု ဒေါက်တာ တင်မောင်ညွန့်က ပြော ဆိုသည်။
တိုင်းကျန်းမာရေးဌာနက ရောဂါဖြစ်ပွားသည့် ဒေသများသို့ ကွင်းဆင်းကုသခြင်း၊ ပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း အဆိုပါ ဌာနမှ တာဝန်ရှိသူ တဦးကလည်း ပြောသည်။
“လက်ရှိမှာတော့ ရောဂါဖြစ်တဲ့ ကျေးရွာတွေအထိ ဆင်းသွားပြီးတော့ ကုသပေးတာ၊ ရေတွင်းရေကန်တွေ ဆေးခတ်တာ၊ ပညာပေး ဟောပြောတာတွေ လုပ်ဆောင်နေပါတယ်”ဟုလည်း ၎င်းက ဆက်ပြောသည်။
ပုသိမ်မြို့ပေါ်ရှိ လူမှုကူညီရေး အသင်းများက မြို့ပေါ်ရပ်ကွက်များတွင် ကျန်းမာရေး ပညာပေးဟောပြောမှုများ လုပ်ဆောင်ရန် စီစဉ် နေကြောင်း ပုသိမ်မြို့ မေတ္တာရိပ် လူမှုကူညီရေး အသင်းမှ အလုပ်အမှုဆောင် ဦးမောင်မောင်ရွှေကလည်း ပြောဆိုသည်။
“ပုသိမ်မှာ ၀မ်းပျက်ဝမ်းလျှော ရောဂါတွေ မဖြစ်ပွားအောင် ကာကွယ်ဖို့အတွက် မြို့ပေါ်ရပ်ကွက်တွေမှာ ကျန်းမာရေး ပညာပေး ဟောပြောမှု ပွဲတွေလုပ်ဖို့ စီစဉ်နေတယ်။ နောက်ပြီး ဓာတ်ဆားထုပ်တို့၊ ရေသန့်ဆေးပြားတို့ အခမဲ့ ဝေငှပေးဖို့လည်း စီစဉ်နေတယ်” ဟု ၎င်းက ပြောသည်။
ကျန်းမာရေး ၀န်ကြီးဌာနက ၀မ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားစေရန် အတွက် ရေကိုကျိုချက်ပြီး သောက်ရန် သော်လည်းကောင်း၊ ရေသန့်ဆေးပြားခတ်၍ သော်လည်းကောင်း သောက်သုံးရန်၊ လက်ကို အမြဲစင်ကြယ်စွာဆေး၍ သန့်ရှင်းစွာထားရန်၊ ယင်နားစာများ မစားသုံးရန်နှင့် ယင်လုံအိမ်သာ စနစ်တကျ အသုံးပြုရန်၊ ရောဂါဖြစ်ပွားပါက နီးစပ်ရာ ကျန်းမာရေးဌာနနှင့် ဆေးရုံများသို့ အမြန်ဆုံး ပို့ဆောင် ကုသရန် ထုတ်ပြန် ကြေညာထားသည်။
No comments:
Post a Comment