Thursday, April 23, 2015

ကျောက်တော်မြို့နယ် အတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း ရက္ခိုင့်တပ်မတော်မှ သတင်းထုတ်ပြန်



ရခိုင်ပြည်နယ် ကျောက်တော်မြိ့နယ် အတွင်း ဧပြီ ၁၈ ရက်နေ့ကလည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့ကြောင်း ရက္ခိုင့်တပ်မတော်မှ သတင်းထုတ်ပြန်သည်။

ယခု ဖြစ်ပွားနေသော တိုက်ပွဲများမှာ ကျောက်တော်မြို့ မြောက်ဘက် ၁၄ မိုင်ခန့် အကွာရှိ စပါးဆိပ်ကျေးရွာနှင့် အောင်လံချောင်း ကျေးရွာ အနီးတွင် ဖြစ်ပွားနေခြင်း ဖြစ်ပြီး ဧပြီလ ၁၈ ရက်နေ့က အနည်းဆုံး (၅) ကြိမ် ဖြစ်ပွားခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

ဧပြီလ ၁၈ ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲမှာ နံနက် ၁၀ နာရီနှင့် ၁၁ နာရီအကြားတွင်လည်းကောင်း၊ နေ့လယ် ၁၂ နာရီနှင့် ၁ နာရီ ၃၀ မိနစ်ကြားတွင်လည်းကောင်း ရက္ခိုင့်တပ်မတော် လူပ်ရှား စစ်ကြောင်းများနှင့်  မြန်မာ့ တပ်မတော်တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ယခု ဖြစ်ပွားနေသော တိုက်ပွဲများမှာ လက်နက်ကြီးများကိုပါ အသုံးပြုမှု ရှိနေသဖြင့် ရခိုင်ပြည်နယ် အတွင်း လတ်တလော အချိန်တွင် အပြင်းထန်ဆုံးနှင့် အချိန်အကြာမြှင့်ဆုံး တိုက်ပွဲများ ဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရက္ခိုင့်တပ်မတော်ဘက်မှ အသေးစား ဒဏ်ရာ ရရှိမှုများရှိနေပြီး မြန်မာတပ်မတော်ဘက်မှ အထိအခိုက် အကျအဆုံး စာရင်းကို မသိရသေးဟု သတင်းတွင် ဖော်ပြသည်။

မြန်မာ့တပ်မတော်အနေဖြင့် ရသေ့တောင်၊ ကျောက်တော်၊ မင်းပြား၊ စစ်တွေ အခြေစိုက် တပ်ရင်းများအား ဆက်တိုက်စစ်ကူ ပို့လျှက်ရှိသောကြောင်း၊ ထိတွေ့မှုများ၊ တိုက်ပွဲများမှာယခုထက် ပိုမိုပြင်းထန်လာနိုင်ကြောင်း ရက္ခိုင့်တပ်မတော်တပ်မှူးများကို ကိုးကားပြီး သတင်းတွင် ဖော်ပြထားသည်။

ဧပြီလ ၁၇ ရက်နေ့ နံနက် ၉ နာရီ အချိန်ကလည်း စကခ (၉) လက်အောက်ခံ ကျောက်တော် အခြေစိုက် ခမရ ၅၃၉ တပ်ရင်းမှ တပ်ဖွဲ့ဝင် အချို့နှင့် ရက္ခိုင့်တပ်မတော်တို့ အကြား ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

ယခုတိုက်ပွဲများသည် မတ်လ ၂၉ ရက်နေ့မှ စတင် ဖြစ်ပွားလာခဲ့ခြင်း ဖြစ်သည်။

No comments: