Friday, April 24, 2015

စစ်ရှောင် ဒုက္ခသည်များ လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်

နန်းဆိုင်နွမ်

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့အနီးတွင် တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိတော့သဖြင့် စစ်ရှောင် ဒုက္ခသည်များ လောက်ကိုင်မြို့တွင်းသို့ ဧပြီလ ၂၁ ရက်က စတင်ပြီး ပြန်လည် ၀င်ရောက်နေပြီဖြစ်ကြောင်း သတင်း ရရှိသည်။

မြို့ထဲသို့ ပြန်လည်ဝင်ရောက်လာသည့် ဒုက္ခသည်များအတွက် လုံခြုံရေး စိတ်ချရကြောင်းနှင့် စားဝတ်နေရေးကိုလည်း စနစ်တကျ စီစဉ် ဆောင်ရွက်ပေးနေကြောင်း လောက်ကိုင်မြို့တွင် ဒုက္ခသည်များကို ကူညီပေးနေသူ မမီးမီးက ဧရာဝတီသို့ ပြောသည်။

မမီးမီးက“လားရှိုးကနေ တဆင့်ရောက်လာတဲ့ ဒုက္ခသည်ကတော့ ၂၀၀ ကျော်ပဲ ရှိပါတယ်။ လောက်ကိုင်နယ်စပ် တလျှောက် ဘေး ပတ်ဝန်းကျင်မှာ ခိုလှုံနေတဲ့ ဒုက္ခသည် ၄ သောင်းကျော် ရှိတယ်။ အခုတော့ လောက်ကိုင်မြို့ထဲကို ဒုက္ခသည် ၄သောင်းကျော် ရောက်နေပါတယ်။ သူတို့ကို စာသင်ကျောင်းတွေနဲ့ ရွက်ဖျင်တဲတွေမှာ ထားပါတယ်”ဟု ဆိုသည်။

ယင်းဒုက္ခသည်များသည် အစိုးရတပ်နှင့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(MNDAA) ကိုးကန့်တပ်ဖွဲ့တို့ကြား ဖြစ် ပွားခဲ့သည့် တိုက်ပွဲများကြောင့် လောက်ကိုင်မြို့မှ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒုက္ခသည် အရေအတွက် သောင်းချီ ရှိနေသည်။

လောက်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နီနိုင်ကလည်း“ကျနော်တို့ လားရှိုးမှာရှိတဲ့ ဒုက္ခသည် ၂၄၃ ယောက် ကို ပြန်ပို့လိုက်ပြီ။ နယ်စပ်ဂိတ် ၁၂၅ မှာ ရှိနေတဲ့သူတွေလည်း အားလုံး ပြန်လာပါပြီ။ မြို့ထဲမှာတော့ စည်စည်းကားကား ရှိနေပါပြီ။ တိုက်ပွဲဖြစ်တာက မြို့နဲ့ ဝေးတဲ့နေရာတွေမှာ ဖြစ်တာ။ လောက်ကိုင်ရဲ့ အနောက်ဘက်ခြမ်းမှာ ဖြစ်တာပါ။ ကြံတွေလည်း စခုတ်နေပါပြီ”ဟု ဧရာဝတီသို့ ပြောသည်။

လောက်ကိုင်မြို့သို့ ရောက်ရှိနေသည့် ဒုက္ခသည်များအတွက် တပတ်တကြိမ် ရိက္ခာများ ပေးဝေသွားမည် ဖြစ်ကြောင်း၊ ပျက်စီးနေ သည့် အဆောက်အအုံများကိုလည်း ပြန်လည် ပြုပြင်နေပြီး လောက်ကိုင်မြို့ ပြန်လည်ထူထောင်ရန် သမ္မတဦးသိန်းစိန်ထံမှ သီးသန့် ရန်ပုံငွေတရပ် တောင်းခံထားကြောင်းလည်း ဦးကျော်နီနိုင်က ပြောသည်။

လားရှိုးမြို့မှ လောက်ကိုင်မြို့သို့ ဒုက္ခသည်များ ပြန်လည်ပို့ဆောင်ရာတွင် တပ်မတော်က လုံခြုံရေးတာဝန်ယူပေးကြောင်း၊ ဒုက္ခသည်များ ပို့ဆောင်မှုတွင် နိုင်ငံတော် အစိုးရ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ၊ လားရှိုးမြို့ရှိ အလှူရှင်များ၊ ကိုးကန့် လူငယ် အသင်း၊ ဒေသဦးစီးအဖွဲ့များနှင့် ကိုးကန့်ဒေသ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးအဖွဲ့များ ပူးပေါင်းပြီး ကူညီကြကြောင်း သိရသည်။

MNDAA ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းမြတ်လင်းက“ဒုက္ခသည်တွေကို အတင်းအဓမ္မ ပြန်ခိုင်းတယ်လို့ ကျနော် ကြားရပါတယ်။ တိုက်ပွဲတွေ ဖြစ်နေတဲ့ကြားထဲ ဒီလို ပြန်ခိုင်းတယ်။ ဘယ်နေ့ နောက်ဆုံးပြန်ရမယ်ဆိုပြီးတော့ ခြိမ်းခြောက်မှုတွေ ရှိပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

အစိုးရ တပ်မတော်နှင့် ကိုးကန့် တပ်ဖွဲ့ တိုက်ပွဲများသည် ဧပြီ ၁၈ ရက်နှင့် ၁၉ ရက် တို့တွင် အပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း၊ လောက်ကိုင်မြို့နယ် ရှီပေါ်လိန်နှင့် ရှီတုန့်ရှည် ကျေးရွာများ အနီး၌ ကိုးကန့် ရှေ့တန်း တပ်ဖွဲ့များနှင့် အစိုးရ တပ်မ ၃၃ ၊ ၆၆ လက် အောက်ခံ တပ်ရင်းများကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး အစိုးရ တပ်ဘက်က ဒဏ်ရာရသေဆုံးမှု များပြားကြောင်း သိရသည်။

တိုက်ပွဲများသည် ယနေ့အထိ ဖြစ်ပွားနေသည့်အပြင် နှစ်ဖက်တိုက်ပွဲများကြောင့် ဒုက္ခသည် သောင်းနှင့်ချီ၍ စစ်ဘေးရှောင်ခဲ့ရပြီး ပြည်သူ ၆၀ ကျော် သေဆုံးခဲ့ကြောင်း ကွမ်းလုံ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တဦး ဖြစ်သူ ဦးဟော်ရှောက်ချန် က ဧရာဝတီသို့ ပြောဆိုထားသည်။

ကိုးကန့်ဒေသတွင် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်မှ စတင်ပြီး ဦးဖုန်ကြားရှင် ဦးဆောင်သည့် MNDAA အဖွဲ့နှင့် အစိုးရ တပ်များကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ နှစ်ဖက်တပ်များ ထိခိုက်ကျဆုံးမှု ရှိခဲ့ပြီး ဒေသခံ ပြည်သူများသည် နီးစပ်ရာ တရုတ် နယ်စပ် တလျှောက်နှင့် ပြည်တွင်းသို့ ၀င်ရောက်၍ စစ်ဘေးခိုလှုံနေကြရခြင်း ဖြစ်သည်။

No comments: