Monday, April 27, 2015

ကမ္ဘာ့ဘဏ်က တောင်သူများအတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ အတိုးမဲ့ ချေးမည်

မေစိုးစံ

ကမ္ဘာ့ဘဏ်က တောင်သူလယ်သမားများ တနှစ်ပတ်လုံး သီးနှံစိုက်ပျိုးနိုင်ရန် မြန်မာအစိုးရမှတဆင့် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကို အတိုးမဲ့ နှစ်ရှည်ချေးငွေ ထုတ်ချေးပေးရန် ဧပြီလ ၂၃ ရက်တွင် အတည်ပြုလိုက်ကြောင်း ကမ္ဘာ့ဘဏ်က သတင်းထုတ်ပြန် ကြေညာသည်။

မြန်မာနိုင်ငံရှိ ဆင်းရဲနွမ်းပါးမှု အမြင့်မားဆုံးဒေသ တချို့တွင် မိုးခေါင်ခြင်းနှင့် ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ခံနိုင်သည့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများ ပေါ်ပေါက်လာစေရန်နှင့် စိုက်ပျိုးရေး ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်အတွက် ငွေကြေးအရင်းအနှီး ထည့်ဝင်ခြင်း ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်၏ အစီရင်ခံတွင် ဖော်ပြထားသည်။

ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Ulrich Zachau က “လယ်ယာစိုက်ပျိုးရေး အတွက် ဆည်မြောင်း စနစ်ကို တိုးတက်အောင်၊ ခြောက်သွေ့ရာသီမှာ သီးနှံတွေ စိုက်ပျိုးလို့ ရစေဖို့ ကမာ့္ဘဘဏ်အနေနဲ့ အခုလို စီမံကိန်းကို ကူညီပေးတာ ဖြစ်တယ်။ ဒါက လယ်သမား မိသားစုတွေရဲ့ဘ၀ကို တိုးတက်စေပြီး ဆင်းရဲမွဲတေမှုကို လျှော့ချပေးနိုင်ပါမယ်” ဟု သတင်းထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

အဆိုပါ စီမံကိန်းအရ ချေးငွေများကို စိုက်ပျိုးရေး ရေသွင်းစနစ်ကို မှီခိုနေရသော ဒေသများ ဖြစ်သည့် ပဲခူးတိုင်း ဒေသကြီး အရှေ့ပိုင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် နေပြည်တော် အနီးတ၀ိုက် စသည့် တောင်သူ လယ်သမား မိသားစု တသိန်း နှစ်သောင်းခန့်ကို အကျိုးပြု ကူညီမည်ဟု ဖော်ပြထားသည်။

ထို့အပြင် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (IDA) နှင့် မြန်မာနိုင်ငံတို့ ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်အဖြစ် နည်းပညာအထောက်အပံ့၊ အတတ်ပညာများ အပါအဝင် ချေးငွေနှင့် ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ သန်း အကူအညီပေးမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဧပြီ ၂၃ ရက်နေ့က ထုတ်ပြန်ထားသည်။ ယင်းအစီအစဉ်အရ ကိုယ်ဝန်ဆောင် အမျိုးသမီးနှင့် ကလေးငယ် ၃ သန်းအတွက် ကျန်းမာရေး စောင့်ရှောက်မှု၊ လူ ၆ သန်းအတွက် လျှပ်စစ်မီးနှင့် တခြား အခြေခံလိုအပ်ချက်များ ဖြည်ဆည်းပေးမှု စသည့် အကျိုးကျေးဇူး ရရှိစေမည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ဘဏ်၏ ပုဂ္ဂလိကကဏ္ဍဆိုင်ရာများနှင့် ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ ဘဏ္ဍာရေး ကော်ပိုရေးရှင်းအဖွဲ့ (IFC) မှ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍအတွက် ဒေါ်လာ ၁ ဘီလီယံနှင့် နည်းပညာအထောက်အပံ့အတွက် ဒေါ်လာ သန်း ၂၀ တို့ကိုလည်း ရရှိမည်ဖြစ်သည်။

No comments: