Friday, April 3, 2015

၂၀၁၄-၁၅ ဘဏ္ဍာနှစ် မြန်မာ့သစ်လုပ်ငန်း ပြည်တွင်းအရောင်းဌာန သစ်လုံးဈေးပြိုင် လေလံရောင်းချမှုမှ ကျပ် ၆၀ ဘီလီယံကျော်ရရှိ

နိုင်နိုင်ဇော်

မြန်မာ့သစ်လုပ်ငန်း ပြည်တွင်းအရောင်းဌာနမှ ဈေးပြိုင်လေလံစနစ်ဖြင့် သစ်လုံးရောင်းချမှုမှ ကျပ်ငွေ ၆၀ ဘီလီ ယံကျော် ရရှိခဲ့ကြောင်း အဆိုပါဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၂၀၁၄-၁၅ ဘဏ္ဍာနှစ်ကုန်အထိ ဈေးပြိုင်လေလံရောင်းချမှုမှ သစ်လုံးနှင့် သစ်ခွဲသားတန်ချိန် ၁၈၀,၀၀၀ ကျော် အထိ ရောင်းချထားပြီး အများစုမှာ အရည်အသွေးမြင့် အဖိုးတန် ကျွန်းသစ်လုံးနှင့် သစ်မာသစ်လုံးများ ဖြစ်သည်။

မြန်မာ့သစ်လုပ်ငန်း ပြည်တွင်းအရောင်းဌာန တာဝန်ရှိသူတစ်ဦးက“၂၀၁၄-၁၅ ဘဏ္ဍာနှစ်ကုန်အထိ ဈေးပြိုင် လေလံနဲ့ ရောင်းချငွေပမာဏပါ။ အားလုံးပေါင်း ၂၀ ကြိမ်အထိ ရောင်းချပေးပြီးပါပြီ။ ဒီဘဏ္ဍာနှစ်ထဲမှာ ဈေးပြိုင် ရောင်းချမှု တန် နှစ်သိန်းကျော်လောက် မှန်းထားပေမယ့် တစ်သိန်းရှစ်သောင်းလောက်ပဲ ထုတ်ရောင်းနိုင်ခဲ့ပါတယ်” ဟု ဆိုသည်။

ပြည်တွင်း အချောထည်လုပ်ငန်းအတွက် လိုအပ်သော သစ်ကုန်ကြမ်း ရရှိစေရန် မြန်မာ့သစ်လုပ်ငန်းမှ သစ်လုံးနှင့် သစ်ခွဲသားများကို တစ်လ နှစ်ကြိမ် ထုတ်ရောင်းပေးခဲ့သော်လည်း ပထမဆုံး ဈေးပြိုင်လေလံ ထုတ်ရောင်းသည့် နှစ်ဖြစ်ခြင်းကြောင့် ယခုနှစ်တွင် တန်ချိန်အပြည့် မရောင်းချနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဌာနတာဝန်ရှိသူက ပြောသည်။

ယခု ဘဏ္ဍာနှစ်ကုန်အထိ ရောင်းချမှုတွင် ကျွန်းသစ်လုံးတန်ချိန် ၇,၀၀၀ (ကျပ်ငွေ ၃ ဒသ မ ၅ ဘီလီယံ)၊ ကျွန်းခွဲသား တန် ၁,၁၀၀ (ကျပ်ငွေ ၁ ဒသမ ၃ ဘီလီယံ)၊ သစ်မာသစ်လုံးတန်ချိန် ၁၇၂,၀၀၀ (ကျပ်ငွေ ၅၃ ဒသမ ၈၉ ဘီလီယံ)၊ သစ်မာခွဲသားတန်ချိန် ၁,၀၇၀ တန်(ကျပ်ငွေ ၁ ဒသမ ၅ ဘီလီယံ)ရရှိခဲ့ပြီးဖြစ်ကြောင်း မြန်မာ့သစ်လုပ်ငန်းက ထုတ်ပြန်ထားသည်။

၂၀၁၄-၁၅ နှစ်အတွက် မြန်မာ့သစ်လုပ်ငန်းက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သစ်လုံးနှင့် သစ်ခွဲသားတန်ချိန် ၅ သိန်းကျော်အထိ ရောင်းချပေးရန် မှန်းထားပြီး အရည်အသွေးမြင့် ကျွန်းနှင့် သစ်မာသစ်လုံး၊ သစ်ခွဲသားများအား မြန်မာ့သစ်လုပ်ငန်း ရန်ကုန်ရုံးနှင့် မန္တလေးရုံးတို့တွင် အဓိကထား ရောင်းချပေးနေသည်ဟုလည်း အဆိုပါ ဌာနက ပြောဆိုသည်။

ပြည်တွင်းသစ်စက်နှင့် အရောင်းဌာနတာဝန်ရှိသူက“ အရေအတွက်နဲ့ အရည်အသွေးကောင်းတဲ့ သစ်အများစုကို ရုံးချုပ်တွေမှာပဲ ရောင်းပါတယ်။ တိုင်းနဲ့ ပြည်နယ် ရုံးခွဲတွေမှာလည်း လိုအပ်ချက်အရ ထုတ်ရောင်းနေတာ ရှိပေမယ့် ရုံးချုပ်လောက်တော့ အရည်အသွေး သိပ်မကောင်းဘူး” ဟု ဆိုသည်။

No comments: