Saturday, April 18, 2015

သင်္ကြန်ကာလ ကိုးကန့် နှင့် တပ်မတော် တိုက်ပွဲတွင် စစ်သည် ၁၆ဦး ကျဆုံးဟုဆို

ဖနိဒါ

အစိုးရ တပ်မတော်နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)တို့ သင်္ကြကာလအတွင်း တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်မှ တပ်စခန်းများ သိမ်းပိုက်နိုင်ခဲ့ကာ အရာရှိ၊ စစ်သည် ၁၆ ဦး ကျဆုံးကာ စစ်သည် ၁၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု အစိုးရက သတင်းထုတ်ပြန်ထားသည်

ကိုးကန့်တပ်ဖွဲ့ အင်အား ၂၅၀ ခန့် အခိုင်အမာခံစစ်ဆင်ထားသည့် ပါစင်ကျော် အရှေ့မြောက်ဘက်ခြမ်းရှိ ပေ ၅၁၀၀ ကျော်မြင့်မားသော ပွိုင့် ၁၅၈၄ တောင်ကုန်းအား ဧပြီလ ၁၅ ရက် မွန်းလွဲ ၁ နာရီတွင် တပ်မတော် စစ်ကြောင်းများ တိုက်ခိုက် သိမ်းပိုက်ခဲ့သည်ဟု ဧပြီလ ၁၆ရက်ထုတ် အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။

MNDAA တပ်များ ခံစစ်ဆင်ထားသည့် ပွိုင့် ၁၅၈၄ တောင်ကုန်အား ဧပြီလ ၅ ရက်မှ စတင်၍ တပ်မတော် စစ်ကြောင်းများက လက်နက်ကြီး ပစ်ကူခြင်း၊ သံချပ်ကာ တိုက်ယာဉ်ပစ်ကူခြင်းများဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထိုတိုက်ပွဲများတွင် ကိုးကန့်တပ်ဖွဲ့များထံမှ ဖျက်ဆီးခဲ့သော ဘန်ကာ ၁၄ လုံး ပါအဝင် စုစုပေါင်း ဘန်ကာ ၄၄ လုံး၊ အလောင်း ၂ လောင်း၊ RPG ၈ လက်၊ စက်လတ်နှစ်လက်၊ စနိုက်ပါတစ်လက်၊ အမ် (22) ၁၁ လက်၊ ကေ(12) တစ်လက်၊ အေကေ ၄၇ လက်၊ ဝမ်ချက်စတာ တစ်လက်၊ RPG ဒုံးသီး ၄၄ လုံး၊ ကျန်မျိုးစုံ ၉၃၈၄ တောင့်၊ ကျည်အိမ်မျိုးစုံ ၃၉ ခု၊ လက်ပစ်ဗုံး အလုံး ၁၀၊ တိုက်မိုင်း ၁၅ လုံး အပါအဝင် လက်နက်ပစ္စည်း အများအပြား သိမ်းယူခဲ့သည်။

ထိုသို့ သိမ်းပိုက်ရရှိခြင်းကြောင့် စန်တအိုက်ရှန်ကုန်းမြင့်ဒေသအား မြေအနေအထားအရ စိုးမိုးမှုရရှိပြီး ဧပြီလ ၉ ရက်ကလည်း ပေ ၆၀၀၀ မြင့်သော ပွိုင့် ၁၈၄၅ တောင်ကုန်းအား သိမ်းပိုက်ခဲ့ပြီး ဧပြီလ ၁၃ ရက်တွင် တာကထန်ကျေးရွာအား သိမ်းပိုက်နိုင်ခဲ့သည်ဟု အစိုးရသတင်းစာတွင် ဖော်ပြထားသည်။

သို့သော် ပြီးခဲ့သည့် သင်္ကြန်ရက်ပိုင်းအတွင်း အစိုးရ စစ်တပ်နှင့် MNDAA တို့ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သော်လည်း ဧပြီလ ၁၅ ရက်နှင့် ဧပြီလ ၁၆ ရက်များတွင် တိုက်ပွဲ ဖြစ်ပွားမှု မရှိကြောင်း MNDAA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက ပြောသည်။

“စစ်တိုက်ပြီးတော့ သိမ်းပိုက်ခဲ့တယ်ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ မနေ့တုန်းကတော့ တိုက်ပွဲ မရှိပါဘူး။ မဖြစ်ပါဘူး။ တခုတော့ ရှိတယ်။ ကျွန်တော်တို့ အရင်တုန်းက စခန်းသေးသေးလေး နှစ်ခုကို စရေတဂျီ အရ ပြောင်းရွှေ့ထားတာတော့ ရှိပါတယ်။ တိုက်ပွဲကြောင့် ဖယ်ထားလိုက်တာတော့ မရှိပါဘူး။ အဲဒါမျိုးကို ပြောတာလားတော့ မသိဘူး။ ကျွန်တော်အတည်ပြုလို့ မရဘူး။”ဟု ဦးထွန်းမြတ်လင်းက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်က ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် MNDAA ဘက်မှ သေဆုံးသူနှင့် ဒဏ်ရာ ရရှိသူပေါင်း ၆၀ ကျော် ရှိခဲ့ပြီး အစိုးရတပ်မတော်ဘက်ကမူ ကျဆုံးသူ အရာရှိများ အများအပြားရှိခဲ့သည်။ အစိုးရ၏ ထုတ်ပြန်ချက်တွင်မူ ဖေဖော်ဝါရီ ၉ ရက်မှ ဧပြီလ ၁၆ ရက်အထိ ထိတွေ့တိုက်ပွဲပေါင်း ၂၀၀ ကျော် ဖြစ်ပွားခဲ့ပြီး ကိုးကန့် ၇၄ ဦး သေဆုံးကြောင်းလည်း အစိုးရက သတင်း ထုတ်ပြန်ထားသည်။

ကိုးကန့်ဒေသ တိုက်ပွဲများ ပြင်းထန်လာသဖြင့် ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးရန် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) သမ္မတ ဦးသိန်းစိန်နှင့် ကာကွယ်ရေး ဦးစီးချုပ်တို့ထံ ဧပြီလ ၁၃ ရက်က အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သည်။

No comments: