Tuesday, April 7, 2015

ရခိုင်ပြည်နယ်အတွင်း တရားမ၀င်သော ၀ှိုက်ကတ်များကို အပ်နှံမှုစတင်

လူသာကျော် (ရခိုင်)

ရခိုင်ပြည်နယ် အတွင်း နိုင်ငံသား ဟုတ် / မဟုတ် သေချာ မစိစစ်နိုင်သူများအား ထုတ်ပေးသော ယာယီသက်သေခံ လက်မှတ် ၀ှိုက်ကတ်သက်တမ်းမှာ မတ်လ ၃၁ ရက်နေက ကုန်ဆုံးသွားခဲ့ပြီး ယင်းဝှိုက်ကတ်များ ဧပြီလ ၁ ရက်နေ့မှ စတင်၍ တရားမ၀င်တော့ကြောင်း ရခိုင်ပြည်နယ် လ၀က ညွှန်မှူး ဦးခင်စိုးက ပြောသည်။

“ ၀ိုက်ကတ် သက်တမ်းက မတ်လ ၃၁ ရက်နေ့မှာ ကုန်ပါတယ်။ အဲဒီကတ်တွေဟာ ဧပြီလ တစ်ရက်နေ့က စပြီး တရားမ၀င်တော့ပါဘူး။ ဒါကြောင့် ၀ှိုက်ကတ်တွေကို ပြန်အပ်ဖို့ ကျွန်တော် နိုးဆော်မှုတွေ ပြုလုပ်နေပါတယ်။ ဧပြီလနဲ့ ဇွန်လ (၂) လအတွင်း အပ်နှံဖို့ သတ်မှတ်ထားပါတယ်” ဟု ဦးခင်စိုးက ဆိုသည်။

ဝှိုက်ကတ် ပြန်အပ်သူများ အနေဖြင့် ဇွန်လ တစ်ရက်နေ့ကစပြီး နိုင်ငံသား လျှောက်ထားနိုင်ပြီး စိစစ်မှုများ ဆက်လက် ပြုလုပ်သွားမည်ဟု သိရသည်။

“ ၀ှိုက်ကတ် ပြန်အပ်သူတွေကို သက်ဆိုင်ရာက ၀ှိုက်ကတ်မှာပါတဲ့ နံပတ်နဲ့ အတူ စာရွက် တစ်ရွက် ထုတ်ပေးပါမယ်။ အဲဒီ စာရွက် မိတ္တူနှင့် အတူ နိုင်ငံသား လျှောက်ထားနိုင်ကြပါတယ်။ ဇွန်လ တစ်ရက်နေ့က စမှာပါ” ဟု သူက ဆက်လက် ပြောဆိုသည်။

ရခိုင်ပြည်နယ် အတွင်း ၀ှိုက်ကတ်များကို နေရာ ၇၁ ခုတွင် အဖွဲ့ ၃၆ ဖွဲ့မှ လက်ခံသွားမည်ဟု ဆိုသည်။ မွတ်ဆလင်များ မနေထိုင်သော ဂွ၊ တောင်ကုတ်၊ အမ်းနှင့် မာန်အောင်မြို့နယ်များမှ အပ ကျန်မြို့နယ်များတွင် လက်ခံစခန်းများ ထားရှိကာ ၀ှိုက်ကတ်များကို လက်ခံသွားမည်ဟု ပြည်နယ် လ၀ကမှူး ဆက်လက် ပြောဆိုသည်။

ဧပြီလ တစ်ရက်နေ့က ရခိုင်ပြည်နယ် အနှံ့အပြားတွင် ၀ှိုက်ကတ်များကို လက်ခံခဲ့ရာ မောင်တောခရိုင် တွင် ၉၁၆ ဦး လာရောက်အပ်နှံခဲ့သည်ဟု မောင်တောခရိုင် လ၀ကမှူး ဦးစိုးနိုင်က ပြောသည်။

“ မနေ့က ဧပြီလ ၁ ရက်နေ့မှာ လာအပ်တဲ့ သူအရေအတွက်က တောင်ပြိုမြို့နယ်ခွဲမှာ ၄၈၉ ယောက်၊ မောင်တောမြိုမှာ ၃၁၅ ယောက်နဲ့ ဘူးသီးတောင်မြို့မှာ ၁၁၂ ယောက်တို့ ဖြစ်ကြပါတယ်။ စုစုပေါင်း ၉၁၆ ယောက် ဖြစ်ပါတယ်။ ခုစာရင်းက မြို့ပေါ်က စာရင်းတွေပါ။ နယ်တွေက စာရင်းတွေကိုတော့ ချက်ချင်း မသိရှိနိုင်သေးပါ”ဟု ပြောသည်။

အများစုမှာ လာအပ်ကြလိမ့်မည် ဖြစ်ကြောင်း၊ ၀ှိုက်ကတ်မှာ တရားမ၀င်တော့သဖြင့် ကိုင်ဆောင်ထား၍လည်း အကျိုးရှိတော့မည် မဟုတ်ကြောင်း၊ သို့အတွက် နိုင်ငံတော်က ထုတ်ပြန်ထားသော ဥပဒေကို လိုက်နာကြရန် လိုကြောင်း ဦးစိုးနိုင်က ပြောဆိုသည်။

မောင်တောခရိုင်တွင်သာမက စစ်တွေခရိုင်တွင် လာအပ်သူများရှိကြောင်း၊ သို့သော်လည်း အရေအတွက်မှာ အလွန်နည်းပါးနေကြောင်း၊ ယခုကဲ့သို့ ဖြစ်ရခြင်းမှာ ၀ှိုက်ကတ်ကိုင်ဆောင်သူများက သံသယ ၀င်နေ၍ ဖြစ်ကြောင်း ဘုမေ မွတ်ဆလင်ရွာမှ ဦးအောင်ဝင်းက ပြောသည်။

“ ကျွန်တော်တို့က ၀ှိုက်ကတ် ပြန်အပ်ရမှာကို ဆန့်ကျင်တာ မဟုတ်ပါ။ ပြန်အပ်တဲ့ အပိုင်းမှာ သံသယ ၀င်နေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ၀ှိုက်ကတ်တွေကို မြို့နယ် လ၀က ဦးစီးမှူးတွေက လက်မှတ်ရေးထိုး ထုတ်ပေးခဲ့တယ်။ ပြန်အပ်တဲ့အခါမှာလည်း သူတို့ကဘဲ လက်မှတ်ရေးထိုးပြီး လက်ခံစေချင်တယ်။ အခုက ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက လက်ခံပြီး သူတို့ကဘဲ လက်ခံရရှိကြောင်း စာထုတ်ပေးတဲ့ အတွက် အဲဒီအပေါ်မှာ သံသယ ၀င်နေကြရတာပါ” ဟု ဆိုသည်။

သို့အတွက် ၀ှိုက်ကတ်ကိုင်ဆောင်သူများ သံသယ ပြေပျောက်သွားစေရန် ၀ှိုက်ကတ်များ ပြန်လည် အပ်နှံရာတွင် ပွင့်လင်း မြင်သာမှုနှင့် အတူ စစ်မှန်သော ဂတိက၀တ်များ၊ အာမခံချက်များ လိုအပ်နေကြောင်း ဦးအောင်ဝင်းက ထောက်ပြပြောဆိုသည်။

ယာယီသက်သေခံ လက်မှတ်များ၏ သက်တမ်းကုန်ဆုံးသည့်ရက်ကို ၂၀၁၅ ခုနှစ် မတ် ၃၁ ရက် သတ်မှတ်ခဲ့ကြောင်း၊ မေ ၃၁ ရက်တွင် နောက်ဆုံးထားအပ်နှံရမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဖေဖော်ဝါရီ ၁၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာ တနိုင်ငလုးံတွင် ၀ှိုက်ကတ်ကိုင်ဆောင်ထားသူ ဦးရေသည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ၂၃ ရက်အထိ စုစုပေါင်း ၅၉၀,၀၁၆ ဦး ရှိသည်။

No comments: