ဟိန်းကိုစိုး
မွန်ဝါရင့် နိုင်ငံရေး ခေါင်းဆောင်များဖြစ်သည့် နိုင်ငွေသိမ်းနှင့် နိုင်ငွေသိန်း နှစ်ဦးလုံးက ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း မွန်အမျိုးသားပါတီ ဒုတိယ ဥက္ကဌ- ၂ ဦးနိုင်ငွေသိန်းက မဇ္ဈိမကို ပြောသည်။
"နိုင်ငွေသိမ်းက ၉၄ နှစ်ရှိနေပြီ၊ ကျွန်တော်က ၈၀ ကျော်ပြီ စိတ်ကတော့ရှိတယ်၊ ရုံးမှာတော့ လုပ်နေကြတယ်၊ ရွေးကောက်ပွဲကိုတော့ဝင်မပြိုင်တော့ပါဘူး" ဟု ၎င်းက ဆိုသည်။
လက်ရှိအချိန်ထိ မွန်အမျိုးသားပါတီတွင် ဦးနိုင်ငွေသိမ်းက ဥက္ကဋ္ဌ အဖြစ်တာဝန်ယူထားပြီးနှင့် ဦးနိုင်ငွေသိန်း က ဒုတိယ ဥက္ကဌ-၂ အဖြစ်တာဝန်ယူကာ ပါတီတာဝန်များကို ထမ်းဆောင်လျက်ရှိသည်။
မွန်အမျိုးသားပါတီကို မွန်ဒီမိုကရေစီ ပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီတို့မှ ပူးပေါင်းလိုသည့် အင်အားများဖြင့် စုပေါင်းကာပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ဦးနိုင်ငွေသိန်းသည် ယခင်မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၏ ဥက္ကဌ တစ်ဦးလည်းဖြစ်သည်။
ပါတီနှစ်ခု စုပေါင်းဖွဲ့စည်းထားသည့် မွန်အမျိုးသားပါတီသည် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် မွန်ပြည်နယ် ၁၀မြို့နယ်၊ ကရင်ပြည်နယ်မှ ဘားအံ၊ ကော့ကရိတ်၊ ကြားအင်းဆိပ်ကြီး၊ တနသာင်္ရီတိုင်းမှ ဘိတ်၊ ထားဝယ်၊ ကော့သောင်း၊ ရေဖြူနှင့် ပဲခူးတိုင်းတို့တွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ် လွှတ်တော် အပြင် တိုင်းရင်းသးရေးရာ ၀န်ကြီးနေရာတို့ကို ဝင်ရောက်မည်ဟု မွန်အမျိုးသား ပါတီမှ သိရသည်။
ယင်းနေရာများကိုဝင်ရောက်ရန် မွန်အမျိုးသားပါတီ၏ မတ်လအတွင်းပြုလုပ်သည့် ပါတီညီလာခံက ဆုံးဖြတ်ခဲ့ ခြင်းဖြစ်သည်။
မွန်အမျိုးသားပါတီသည် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်၊ ညီနောင်တိုင်းရင်းသား ဖက်ဒရေးရှင်း အဖွဲ့ဝင် ပါတီတစ်ခုလည်း ဖြစ်သည်။
No comments:
Post a Comment