Monday, April 6, 2015

မြင်းစီးကလပ်တွင် သင်တန်းတက်နိုင်ပြီ

စမ်းယမင်းအောင်

မြန်မာနိုင်ငံ၏ ပထမဆုံးသော မြင်းစီးသင်တန်းကို ရန်ကုန်တိုင်း လှည်းကူးမြို့နယ်တွင် မကြာမီ ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း သိရသည်။ မြင်းစီးခြင်း အတတ်ပညာကို သင်ယူချင်သူများ အနေဖြင့် သင်တန်းကြေးပေးသွင်း၍ တက်ရောက်နိုင်ပြီး မစီးတတ်သေးသည့် လူသစ်များအပြင် ပိုမိုကျွမ်းကျင်လိုသော မြင်းစီးတတ်ပြီး သူများကိုပါ လက်ခံသွားမည် ဖြစ်သည်။

စီးရန်အတွက် သင့်တော်သော မြင်းများ၏ တန်ဖိုးက တကောင်လျှင် ကျပ်ငွေ သိန်း ၄၀ ခန့် ရှိနေသဖြင့် မြန်မာ နိုင်ငံတွင် မြင်းစီး အားကစားနည်းကို ငွေကြေးချမ်းသာသူတချို့မှအပ လူတိုင်းလက်လှမ်း မမီနိုင်ဘဲ ရှိခဲ့သည်။ အသစ် တည်ထောင်လိုက်သော “ကြည်သာအေးမြ” မြင်းစီးကလပ်တွင် သင့်တင့်သော ရွေးချယ်စရာများ ဖန်တီးပေးခြင်းအားဖြင့် တက်ရောက်သူ အများအပြား ရှိလာရန် ဆွဲဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း မြန်မာနိုင်ငံ မြင်းစီး အဖွဲ့ချုပ် (MEF) မှ အမှုဆောင် အဖွဲ့ဝင်တယောက်ဖြစ်သည့် ဦးဝင်းအောင်က ပြောသည်။

“အခုအချိန်မှာ ပုဂ္ဂလိက မြင်းစီးကလပ်တချို့လည်း ရှိပါတယ်။ တချို့ဒေသတွေမှာ မြင်းစီးအားကစားကို ၀ါသနာအရ မြှင့်တင်ပေးနေတဲ့ သူတွေလည်း ရှိပါတယ်။ ဒါပေမယ့် အများပြည်သူအတွက် မြင်းစီးသင်တန်းတွေ ကျယ်ကျယ်ပြန့်ပြန့် ဖွင့်မပေးနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ လူတွေ စီးလို့ရတဲ့ အနေအထား မရောက်မီ မြင်းတွေကို ထိန်းသိမ်း လေ့ကျင့်ပေးဖို့ အချိန်ယူရသလို ကုန်ကျစရိတ်လည်း များပြားလို့ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။

ဦးဝင်းအောင်က သင်တန်းကို ဧပြီလ ၄ ရက်နေ့တွင် နည်းပြဆရာ ၃ ဦးနှင့် စတင်ဖွင့်လှစ်သွားမည် ဖြစ်သည်။ သင်တန်းဆရာ ၃ ဦးသည် ၂၀၁၃ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ မြင်းစီးအားကစား ပြိုင်ပွဲများတွင် ဆုတံဆိပ်များ အသီးသီးရခဲ့သူများ ဖြစ်သည်။ ၂ လကြာမြင့်မည့် သင်တန်းအတွက် သင်တန်းကြေးမှာ ကျပ် ၁၅၀၀၀၀ ခွဲဖြစ်ကြောင်း သိရသည်။

“သင်တန်းပြီးသွားတဲ့နောက် မြင်းစီးချင်တဲ့သူတွေ၊ လေ့ကျင့်ချင်သူတွေကို ကလပ်အဖွဲ့ဝင်အဖြစ် လက်ခံပေးသွားဖို့ ကျနော်တို့ စီစဉ်နေပါတယ်” ဟု ဦးဝင်းအောင်က ပြောသည်။ ကော်ဖီဆိုင်နှင့် ဘား ဆောက်လုပ်ပြီးစီး သွားသည့်အခါ အသင်းဝင်ခွင့် လျှောက်လွှာများကိုလည်း စတင်လက်ခံမည်ဟု သိရသည်။

ယခင်အာဏာရှင်ဟောင်း ဦးနေ၀င်း မြင်းစီးအားကစားကို စိတ်ဝင်စားသူဖြစ်သော်လည်း မြင်းပြိုင်ပွဲများကို ပိတ်ပင်ထားခဲ့သည့်အတွက် မြန်မာနိုင်ငံတွင် မြင်းစီးနည်း အမျိုးမျိုး ကွယ်ပျောက်ခဲ့ရသည်။ မြန်မာ့ဘုရင်များ လက်ထက် နှောင်းပိုင်းနှင့် ကိုလိုနီခေတ်အတွင်းတွင် မြင်းပြိုင်ပွဲများတွင် လောင်းကစားခြင်း အလွန် ခေတ်စားခဲ့သည်။

ကြည်သာအေးမြ မြင်းစီးကလပ်က ကမ္ဘာ့အဆင့်တွင် ၀င်ရောက်ယှဉ်ပြိုင်နိုင်သော ကစားသမားများကိုလည်း မွေးထုတ်ပေးနိုင်ရန်အတွက် မြင်းအလှစီးခြင်း၊ အမြင့်ခုန်ခြင်းစသည့် ပညာရပ်များကိုပါ သင်ကြားလေ့ကျင့် ပေးသွားမည်ဟု သိရသည်။

“ကျနော့်ရဲ့ သင်တန်းသားတွေကို နိုင်ငံတကာအဆင့် ပြိုင်ပွဲတွေမှာ ၀င်ရောက် ယှဉ်ပြိုင်နိုင်တဲ့အထိ အရည်အချင်း ပြည့်ဝလာအောင် သင်ပေးချင်ပါတယ်” ဟု ဦးဝင်းအောင်က ပြောသည်။

ထိုမြင်းစီးကလပ်တွင် စတင်လေ့ကျင့်နေပြီဖြစ်သော ရန်ကုန်မြို့မှ အသက် ၂၂ နှစ်အရွယ် မနေခြည်က မြင်းစီး ကျွမ်းကျင်လာသည့်အခါတွင် ပြိုင်ပွဲများ ၀င်ရောက်ယှဉ်ပြိုင်သွားရန် မျှော်လင့်ထားသည်ဟု ပြောသည်။

“အခုသင်နေတဲ့ အခြေခံအဆင့်ပြီးရင် တန်းခုန်ပြိုင်ပွဲ ၀င်နိုင်တဲ့အထိ ကျွမ်းကျင်လာအောင် ဆက်လက် သင်ယူသွားမှာပါ” ဟု သူက ဆိုသည်။

မြင်းစီးကျောင်း အကယ်ဒမီတခုကိုလည်း နိုင်ငံတကာ မြင်းစီး အားကစားအဖွဲ့ချုပ် (International Federation for Equestrian Sports) ၏ အကူအညီဖြင့် ယခုနှစ်ကုန်ပိုင်းတွင် နေပြည်တော်နှင့် ရန်ကုန်တို့၌ ဖွင့်လှစ်သွားရန် စီစဉ် ထားကြောင်းလည်း သိရသည်။

No comments: