ဟိန်းကိုစိုး
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ အောင်လံချောင်းကျေးရွာတွင် တပ်မတော်နှင့် ရခိုင်တပ်မတော် (AA) တို့အကြားဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် အောင်လံချောင်းရွာနေ ပြည်သူများ ရွာလုံးကျွတ် ပြောင်းရွေ့ နေရသည်ဟု ရခိုင်တပ်မတော် ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှုးကြီး ညိုထွန်းအောင်က ဧပြီ ၂၀တွင် မဇ္ဈိမကိုပြောသည်။
"အောင်လံချောင်းရွာမှာ တိုက်ပွဲတွေဖြစ်ပြီး ရွာသားတွေက ရွာလုံးကျွတ် ပင်လုံရွာ၊ ဇာချောင်းရွာဖက်ကို ပြောင်းရွေ့နေရတယ်လို့ ပင်လုံရွာက ရွာသားတွေက သတင်းပို့တယ်၊ တိုက်ပွဲကတော့ မနေ့ကထိ လက်နက်ငယ် တွေနဲ့ အပြန်အလှန်ပစ်နေတုန်းပဲ" ဟု ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ် ပလက်ဝနှင့် ကျောက်တော်မြို့နယ်အကြားတွင် ရခိုင်တပ်မတော်နှင့် အစိုးရတပ်တို့ မတ်လ ၂၉ ရက်မှစတင်ကာ စကခ ၉ (စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်) လက်အောက်မှ ခြေမြန်တပ်ရင်း ၅၃၉ အပါအ၀င် တစ်ခြားတပ်ရင်းများဖြင့် ထိတွေ့ တိုက်ခိုက်မှုမျာ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
"တွေ့ရင်ဖြစ်တယ်၊ မတွေ့ရင်မဖြစ်ဘူး၊ အရင်တုန်းက အစိုးရတပ်တွေက အခုလောက်မများဘူး၊ အခုနောက်ပိုင်း များလာတော့ ထိတွေမှုတွေကဖြစ်တယ်၊ သူဦးသူပစ်၊ ကိုယ်ဦးကိုယ်ပစ် လိုဖြစ်နေတယ်" ဟု ဗိုလ်မှုးကြီး ညိုထွန်းအောင်က ပြောသည်။
အောင်လံချောင်းရွာ၊ ဇာချောင်းရွာနှင့် ပင်လုံရွာတို့သည် ကျောက်တော်မြို့နယ်၏ အစွန်အဖျားတွင် တည်ရှိသဖြင့် ဆက်သွယ်ရေး အခက်အခဲများ ရှိနေသဖြင့် တိုက်ပွဲနှင့် ပက်သက်သည့် သတင်းများ၊ ပြောင်းရွေ့ နေထိုင်ရသည့် သတင်းများကို အတည်ပြု ဖြေကြားပေးနိုင်ခြင်း မရှိကြောင်း ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်မှုဆောင် ဦးမောင်မောင်က ဆိုသည်။
"အဲဒီဘက်က အရမ်းခေါင်တယ်၊ ကျောက်တော်ရဲ့ အစွန်ပဲ၊ ဆက်သွယ်မှုလည်း အရမ်းခက်ခဲတယ်၊ လူဦးရေ ဘယ်လောက်ရှိလဲဆိုတာကို အတိအကျလည်း မသိပါဘူး" ဟု ၎င်းက ပြောသည်။
AA နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ ဖြစ်ပွားအခြေအနေနှင့် ပက်သက်ပြီး တပ်မတော် သတင်း ထုတ်ပြန်ရေးအဖွဲ့မှ အကြီးတန်း အရာရှိ တစ်ဦးက "ရွာတွေပြောင်းရွေ့ရတာနဲ့ ပက်သက်ပြီးတော့ သတင်းပို့တာ တော့မရှိဘူး၊ မနေ့ကနဲ့ ဒီနေ့လည်း တိုက်ပွဲနဲ့ ပက်သက်ပြီး သတင်းပို့တာမရှိသေးပါဘူး" ဟု ဆိုသည်။
တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားနေသည့် ရခိုင်တပ်မတော်သည် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ၏ အဖွဲ့ဝင် ဖြစ်သည်။
ကျေးရွာများပြောင်းရွေ့နေရခြင်းနှင့် ပက်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဦးလှသိန်းနှင့် ပြည်နယ် နယ်စပ်ရေးနှင့် လုံခြုံရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှုးကြီး ထိန်လင်းတို့ကို မဇ္ဈိမက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ပြည်နယ် ၀န်ကြီးချုပ် ခရီးစဉ်သို့ လိုက်ပါပို့ဆောင်နေသည်ဟု ၎င်းတို့၏ ကိုယ်ရေး အရာရှိများက ဆိုသည်။
No comments:
Post a Comment