Mizzima
လုပ်ငန်းသုံးယာဉ် ၁၃ မျိုးကို ပြည်ပမှ တင်သွင်းခွင့်အတွက် ထုတ်လုပ်သည့် ခုနှစ်သတ်မှတ်ချက် ထပ်မံဖြေလျှော့ပေးထားသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဧပြီ ၃ ရက်၌ သတင်းထုတ်ပြန်သည်။
ထုတ်လုပ်သည့် ခုနှစ်သတ်မှတ်ချက် ဖြေလျှော့ပေးခဲ့သည့် လုပ်ငန်းသုံးယာဉ်ယန္တရား ၁၃ မျိုးမှာ Excavator၊ Bridge Crane၊ Bulldozer၊ Gantry Crane၊ Weel Loader၊ Tower Crane၊ Vibratory Roller၊ Pilling Machine၊ Clamp Loader၊ Crawler Drill/ Crane၊ Motor Grader၊ Overhead Travelling Crane နှင့် Road Roller Compaction တို့ဖြစ်သည်။
လုပ်ငန်းသုံးယာဉ်ယန္တရားများအပါအ၀င် ပြည်ပမှ မော်တော်ယာဉ်များ တင်သွင်းခွင့်ပြုရာ၌ ထုတ်လုပ်သည့် ခုနှစ်သတ်မှတ်ချက်ကို ပြက္ခဒိန်နှစ်အလိုက် နှစ်စဉ် ထုတ်ပြန်သတ်မှတ်လေ့ရှိသည်။ ယခု ၂၀၁၅ ပြက္ခဒိန် နှစ်အတွက် မော်တော်ယာဉ် အမျိုးအစားအလိုက် တင်သွင်းခွင့်ပြုမည့် ထုတ်လုပ်သည့် ခုနှစ်သတ်မှတ်ချက်ကိုလည်း ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်စွဲဖြင့် ကြေညာပြီးဖြစ်သော်လည်း လုပ်ငန်းသုံးယာဉ်များကို ထပ်မံဖြေလျှော့ပေးခြင်း ဖြစ်သည်။
ယင်းထုတ်ပြန်ချက်တွင် ပြည်ပမှ တင်သွင်းခွင့်ပြုသော လုပ်ငန်းသုံးယာဉ်များကို လွန်ခဲ့သည့် ၁၀ နှစ်အတွင်း ထုတ်လုပ်သော ယာဉ်များကိုသာ(၂၀၀၅ မှ ၂၀၁၅ ခုနှစ်အတွင်း) တင်သွင်းခွင့်ပြုထားရာမှ လက်ရှိ အချိန်၌ လွန်ခဲ့သော နှစ် ၂၀ အတွင်း ထုတ်လုပ်သော(၁၉၉၅ မှ ၂၀၁၅ ခုနှစ်အတွင်း) ယာဉ်များကို ဖြေလျှော့ တင်သွင်းခွင့်ပြုခြင်း ဖြစ်သည်။
အဆိုပါ လုပ်ငန်းသုံးယာဉ်များသည် တန်ဖိုးကြီးမားပြီး လမ်းပေါ်တွင် မောင်းနှင်အသုံးပြုရခြင်း မဟုတ်ဘဲ လုပ်ငန်းရှိရာ၌သာ ဆောင်ရွက်ရသော ယာဉ်များဖြစ်ခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှုပြုသည့် လုပ်ငန်းရှင်များအတွက် တန်ဖိုးသင့်တင့်သော စက်ယန္တရားများကို အသုံးနိုင်ရေးအတွက် ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
စီးပွား/ကူးသန်း ဝန်ကြီးဌာန အနေဖြင့် လုပ်ငန်းသုံးယာဉ်များ တင်သွင်းခွင့်အတွက် ထုတ်လုပ်မှုသက်တမ်းကို တိုးမြှင့်ပေးသကဲ့သို့ ပြည်တွင်း အသေးစားနှင့် အလတ်စားလုပ်ငန်းများ၏ စက်မှုထုတ်ကုန်များ ဆောင် ရွက်ရာ၌ ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ်များ သက်သာစေရန် အသုံးပြုပြီး စက်ပစ္စည်းများကို ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ တင်သွင်းခွင့်ပြုထားပြီး ဖြစ်သည်။
No comments:
Post a Comment