Sunday, April 26, 2015

ယာဉ်၊ လမ်းစည်းကမ်းများ ချိုးဖောက်ရာတွင် ယာဉ်မောင်းလိုင်စင် ပိတ်သည်အထိ အရေးယူမည့် ပြစ်မှုများ ထပ်တိုး

နန်းမြင့်

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်သည် ယာဉ်မောင်းများကို အရေးယူရာတွင် ယာဉ်မောင်း လိုင်စင် ပိတ်သိမ်းသည်အထိ အရေးယူနိုင်သည့် ပြစ်မှုအမျိုးအစား လေးမျိုး ထပ်မံ တိုးလိုက်သည်ဟု အမှတ် ၂ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲရုံးမှ ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောသည်။

၎င်းက ဧပြီလ ၂၄ ရက်တွင် ရန်ကုန်မြို့ ၊အမှတ် ၂ ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲရုံး၌ သတင်းစာ ဆရာများနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်ခြင်း ဖြစ်သည်။

ထပ်မံ တိုးလိုက်သည့် ပြစ်မှုအမျိုးအစား လေးမျိုးမှာ သတ်မှတ်နံပါတ်ပြား မတပ်ဆင်ခြင်း၊ ရှေ့နောက် နံပါတ်ပြားမပါခြင်း၊ မိမိလိုင်စင်ပါခွင့်ပြုသော ယာဉ်မှအပ မောင်းနှင်ခြင်း၊ လမ်းညွန်များ လမ်းအမှတ်အသားများ မလိုက်နာခြင်း (အကွေ့ကြောမှ အတည်ထွက်ခြင်း အတည့်ကြောမှ အကွေ့ထွက်ခြင်းများ၊ ယာဉ်၏ အမိုးရှေ့ဖုံးရွံ့ကာ ယာဉ်နောက်ပိတ် ခြေနင်း ယာဉ်၏ ဘေးနှင့် နောက်တွင် စီးနင်းစေခြင်း၊ ပြုလုပ်ခြင်းတို့ ဖြစ်သည်။

ဒုတိယရဲမှူးကြီး လင်းထွဋ်က "ဒီဥစ္စာက အတည်ပြုပြီးတဲ့အတွက် စဖမ်းလို့ရပါပြီ။ ဖမ်းဆီးရေး အဖွဲ့တွေကိုလည်း သေချာညွန်ကြားရအုန်းမယ်'' ဟု ပြောသည်။

ယခင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းချိုးဖောက်လျှင် လိုင်စင်ပိတ်သိမ်းသည့် အရေးယူသည့် ပြစ်မှုအမျိုးအစား ၁၄ မျိုး ရှိကာ တစ်လမှ လေးနှစ်အထိ လိုင်စင်ပိတ်သိမ်း အရေးယူမှုများ ပြုလုပ်ခြင်းဖြစ်သည်။

လက်ရှိတွင် လေးမျိုး ထပ်မံတိုးလိုက်ပြီး ပြစ်မှုကျူးလွန်သည့် အကြိမ်ရေပေါ်မှုတည်ကာ အနည်းဆုံး ခြောက်လမှ လေးနှစ်အထိ လိုင်စင် ပိတ်သိမ်းမှု ပြုလုပ်မည် ဖြစ်သည်။

အဆိုပါ လိုင်စင်ပိတ်သိမ်းခြင်းနှင့် ပတ်သက်ပြီး ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှူး ဦးစီးဌာန (ရုံးချုပ်) မှ အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးသို့ ဧပြီလ ၇ ရက်က အကြောင်းကြားထားပြီး ဖြစ်သည်။

အဆိုပါ စည်းကမ်းချိုးဖောက်သည့် ယာဉ်မောင်းများကို ၁၉၆၄ ခုနှစ် မော်တော်ယာဉ် နည်းဥပဒေအရ ယာဉ်စည်းကမ်း တရားရုံးတွင် ဒဏ်ငွေ ကျပ် ၁၅၀၀ ဖြင့် အရေးယူသော်လည်း ထိရောက်မှု မရှိသည့်အတွက် ယခုအခါ ပြစ်မှုအမျိုးအစား ၁၈ မျိုးကို ၎င်းဒဏ်ငွေအပြင် ပြစ်မှုအမျိုးအစားအလိုက် ကျူးလွန်သည့် အကြိမ်အရည်အတွက် အပေါ်မူတည်ပြီး ယာဉ်မောင်းလိုင်စင်ပိတ်သိမ်းခြင်းအထိ ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ရန်ကုန်တိုင်းတွင် ဧပြီလ ၁၇ ရက်မှ ၂၃ ရက်အထိ ချလန်ဖြတ် အရေးယူမှု ၆၅၉ မှုတွင် လိုင်စင် ပိတ်သိမ်းသည့်အမှု ၄၆၇ မှု ရှိခဲ့သည်။

No comments: