Saturday, April 4, 2015

ဇီးသီးဗန်းကိစ္စ စံချိန်စံညွှန်မမှီသည့် ဆောက်လုပ်ရေးကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်၏နာမည် သတင်းစာတွင် ဖော်ပြရန် လွှတ်တော်ဥက္ကဌ ပြော

မောင်သင်တုန်း

နိုင်ငံတော်ဘတ်ဂျက်ဖြင့် တည်ဆောက်လျှက်ရှိသည့် အဆောက်အဦးများ စံချိန်စံညွှန်မမှီသည့် ကုမ္ပဏီများကို စစ်ဆေးရေးအဖွဲ့က အမည်ပျက်စာရင်းသွင်းရာတွင် ကုမ္ပဏီနာမည်နှင့် လူပုဂ္ဂိုလ်နာမည်ပါ သတင်းစာတွင် ကြေငြာပေးရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောသည်။

“စစ်ဆေးရေးအဖွဲ့ အမည်ပျက်စာရင်းသွင်းသင့်ပါသည် ဆိုတဲ့ ဥစ္စာလေးကို သတင်းစာမှာ ကြေငြာဖို့လိုပါတယ်။ ဒီကုမ္ပဏီ ဒီပုဂ္ဂုလ်တွေ အမည်ပျက်စာရင်းသွင်းပါသည်။ ကုမ္ပဏီနာမည်နဲ့ တင်မရဘူး။ နောက်ကုမ္ပဏီနာမည်နဲ့ပြောင်းပြီး ဒီလူတွေက ထုပ်နေမယ်တင်မရဘူး။ ဒီကုမ္ပဏီ ဒီပုဂ္ဂိုလ်တွေကတော့ သတင်းစာမှာ ကြေငြာဖို့လိုပါတယ်”ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကပြောသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးအား အမျိုးသားလွှတ်တွင် ထပ်ဆင့်မေးခွန်းအဖြစ် စံချိန်စံညွှန်မမှီသည့် ကုမ္ပဏီများကို မည်သို့အရေးယူဆောင်ရွက်လျက်ရှိသည်ကို သိလိုသည်ဟု မေးမြန်းခြင်းဖြစ်သည်။

ဒုတိယဝန်ကြီး ဦးစိုးတင့်က အဆိုပါကိစ္စနှင့်ပတ်သက်ပြီး “ဝန်ကြီးဌာနပေါင်းစုံးက ဆောင်ရွက်တဲ့အခါမှာ ဆောက်လုပ်ရေးတွေက စံချိန်စံညွှန်မမှီဘဲနဲ့ ဥက္ကဋ္ဌကြီး အမိန့်ရှိခဲ့သလိုပဲ ဇီးသီးဗန်းကိစ္စပေါ့။ တပြည်လုံးလိုက်စစ်ရပါတယ်။ ခုလည်း ဒုတိယအကြိမ် လိုက်စစ်ရမှာပါ၊ လိုက်စစ်တဲ့အခါ တွေ့ရှိချက်တွေ့ရှိပါတယ်။ ဒီတွေ့ရှိချက်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့တာဝန်ပေးစစ်ခိုင်းတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ကို အစီရင်ခံစာတင်ထားပြီး ဖြစ်ပါတယ်”ဟု မေးမြန်းမှုကိုဖြေကြားသည်။

ထို့အပြင် အဆိုပါ စစ်ဆေးတွေ့ရှိချက်များကို ပြည်ထောင်စု အစိုးရအဖွဲ့၏ ညွှန်ကြားများအတိုင်း အရေးယူဆောင်ရွက်သွားမည်ဟု ဆက်ပြောသည်။ ပြည်ထောင်စုအစိုးရက အရေးယူမှုများနှင့်ပတ်သက်ပြီး အမျိုးသားလွှတ်တော်သို့ အကြောင်းပေးလျှက်ရှိပြီး လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် ကိုယ်စားလှယ်များအား အသိပေးလျက်ရှိသည်ဟု ဦးခင်အောင်မြင့်က ပြောသည်။

သတင်းစာများတွင် လူနာမည်နှင့်ကုမ္ပဏီနာမည်များကိုပါ တိတိကျကျဖြင့် ကြေငြာသွားရန်လည်း ထပ်မံတိုက်တွန်းလိုက်သည်။ ယနေ့ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် ကျန်းမားရေးဝန်ကြီးဌာနအား အဆောက်အဦးများ စံချိန်စံညွှန်းနှင့် အမှီ ဆောက်လုပ်ခြင်းရှိမရှိကို သေချာစစ်ဆေးရန် တိုက်တွန်းခဲ့သည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့်လည်း မိမိမဲဆန္ဒနယ်များအတွင်းရှိ နိုင်ငံတော်ဘက်ဂျက်ဖြင့် ဆောက်လုပ်လျက်ရှိသည့် အဆောက်အဦးများ စံချိန်စံညွှန်းမမှီလျှင် ဓာတ်ပုံအထောက်အထားများနှင့်တကွ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ လက်မှတ်ဖြင့် နိုင်ငံတော်သမ္မတထံ တိုက်ရိုက် တိုင်ကြားလျက်ရှိသည်ဟု သိရသည်။

No comments: