ကျော်စိုးမိုး
စာမေးပွဲကျသဖြင့် နဝမတန်းကျောင်းသူတစ်ဦး တိုက်ခန်းရှစ်လွှာရှိ ခေါင်မိုးပေါ်မှ ခုန်ချသေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဧပြီ ၁၈ ရက်၊ နံနက်ပိုင်းက ပုဇွန်တောင်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု အဆိုပါမြို့မရဲစခန်းက ရဲအရာရှိတစ်ဦးက ပြောသည်။
ဖြစ်စဉ်မှာ အခြေပညာကျောင်းများတွင်အောင်စာရင်းထွက်သည့် ဧပြီ ၁၈ ရက်၊ နံနက် ၈ နာရီခန့်က ပုဇွန်တောင်မြို့နယ်၊ (၂) ရပ်ကွက်၊ သာယာကုန်းလမ်းရှိ ရှစ်ထပ်တိုက် သုံးလွှာတွင် နေထိုင်သည့် အသက် ၁၅ နှစ်အရွယ် နဝမတန်းကျောင်းသူ မိန်းကလေးတစ်ဦးသည် စာမေးပွဲကျသဖြင့် ရှစ်လွှာခေါင်မိုးပေါ်မှ ခုန်ချသေဆုံးခဲ့ခြင်းဖြစ်သည်။
အဆိုပါမိန်းကလေးသည်နေအိမ်တွင် မိဘနှစ်ပါး၊ အစ်မနှစ်ဦး၊ ဦးလေးတော်စပ်သသူတစ်ဦးတို့ နှင့် နေထိုင်သူဖြစ်ပြီး စာမေးပွဲကျသည်ကို သိသဖြင့် နေအိမ်သုံးလွှာမှ ရှစ်လွှာရှိခေါင်မိုးပေါ်သို့ တက်ကာ ခုန်ချသေဆုံးခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ပွားသည့် အချိန်က၎င်း၏ မိဘနှစ်ပါးမှာ အောင်စာရင်းသွားကြည့်နေခြင်းဖြစ်သည်။
"ကောင်မလေး တိုက်ပေါ်ကခုန်ချတဲ့အချိန်မှာ မိဘတွေအိမ်မှာမရှိပါဘူး၊ သူ့ဦးလေးနဲ့ အစ်မနှစ်ယောက်ပဲရှိပါတယ်၊ အိမ်ကသူတွေကလည်း ကောင်မလေး အပြင်ထွက်သွားတာကိုတော့ သိလိုက်တယ်၊ အောက်ဆင်းသွားတယ်ပဲ ထင်လိုက်တာ၊ ပြီးတော့ ပတ်ဝန်းကျင်က ရှစ်ထပ်ခေါင်မိုးပေါ်က ကောင်မလေးတစ်ယောက် ပြုတ်ကျလာတယ်ပြောလို့ အိမ်ကလူတွေလည်းသိတာပါ။ " ဟု ပြောသည်။
သေဆုံးသူသည် အ.ထ.က (၂) ဗိုလ်တထောင်မှ နဝမတန်းဖြေဆိုထားသည့် ကျောင်းသူဖြစ်ပြီး သူငယ်တန်းမှ ရှစ်တန်းအထိကျောင်းတွင် ထူးချွှန်ဆုများရရှိထားကာ နဝမတန်းစာမေးပွဲ ကျသည်ကို သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်အကြောင်းကြားခဲ့သဖြင့် သိကာ ခုန်ချသေဆုံးခဲ့သည်ဟု ကနဦးစစ်ဆေးချက်အရ သိခဲ့ရသည်ဟု ဒုရဲမှူးသိန်းအောင်ကပြောသည်။
"ကောင်မလေးရှစ်တန်းမှာဆုရလို့ အိမ်ကဟန်းဖုန်းတစ်လုံး ဝယ်ပေးလိုက်ပါတယ်၊ အဲ့ဒီနောက်ပိုင်းမှာ စာဘက်မှာ အာရုံလျော့သလို ဖြစ်သွားတယ်၊ လက်ရှိစစ်ဆေးရလောက် ရည်းစားမရှိသလို၊ ရန်ငြိုးတွေဘာတွေလည်း မရှိပါဘူး၊ သေမှုသေခင်းဖွင့်ပြီး စစ်ဆေးနေပါတယ်။ " ဟု ၎င်းကဆိုသည်။
အခင်းဖြစ်ပွားရာလမ်းအတွင်း နေထိုင်သည့် အမျိုးသားတစ်ဦးက "ဝုန်းဆိုအသံကြားတော့ ပထမ ပစ္စည်းပြုတ်ကျတယ်ထင်တာ ကြည့်လိုက်တော့မှ ကောင်မလေးတစ်ယောက် ခေါင်းမှာသွေးတွေနဲ့ ပက်လက်ကျနေတာကို တွေ့ရပါတယ်။ " ဟုပြောသည်။
ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စဉ်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး ပုဇွန်တောင်မြို့မရဲစခန်းကသေမှုသေခင်းအမှတ်စဉ် ၆/၂၀၁၅ ဖြင့်အမှုဖွင့် စစ်ဆေးလျက်ရှိသည်။
No comments:
Post a Comment