Tuesday, April 7, 2015

ဦးဝီရသူတရားပွဲ ပန်းတနော် သံဃာ့နာယက တားမြစ်ဟုဆို

Mizzima

ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်တွင် ပန်းပျိုးလက် ယဉ်ကျေးလိမ္မာ မင်္ဂလာသင်တန်းနှင့် ကျောင်းရေစက်ချ အထူးတရားပွဲတွင် တရားဟောမည့် အရှင်ဝီရသူကို မြို့နယ် သံဃာ့နာယကက တားမြစ်ခဲ့သည်ဟု ဦးဝီရသူက သူ၏ လူမှုကွန်ယက် အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။

ဧပြီလ ၁ ရက် ပန်းတနော်မြို့နယ် ဘဝိုင်းအုပ်စု လက်ပံတန်းရွာတွင် ဟောကြားမည့်တရားပွဲကို မြို့နယ်သံဃာ့နာယကက တားမြစ်ခြင်းဟု ဦးဝီရသူက ရေးသားထားသည်။

"မြို့နယ် သံဃာ့နာယကအဖွဲ့က စာရေးသူနှင့် အရှင်ကဉ္စနော (MRTV-4)ကို ဟောခွင့်မပြုပါဘူး။ လုံခြုံရေး အကြောင်းပြပြီး တားမြစ်တာပါ" ဟု ရေးသားသည်။ ယင်းနောက် ပန်းပျိုးလက် ရွှေကျင်ဂိုဏ်း သံဃာနာယကသို့ သွားရောက်လျှောက်တင်မှ ခွင့်ပြုမိန့်ရကာ တရားဟောခဲ့ရသည်ဟု ဆိုသည်။

"စာရေးသူက ရပ်ကွက် သံဃနာယက၊ မြို့နယ်သံဃနာယက အဖွဲ့တွေ ခွင့်ပြုမှဟောပါတယ်။ သံဃနာယက ခွင့်ပြုရင် အာဏာပိုင်ခွင့်မပြုလဲ ဂရုမစိုက်ပါဘူး။ သံဃနာယက ဆရာတော်များနှင့် ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ထားပါတယ်။ အခုဟာက ပွဲဆီရောက်မှ သိရတာရယ်၊ ရွှေကျင်ခွင့်ပြုထားတာရယ်၊ သုဓမ္မာက ရွှေကျင်ခွင့်ပြုထားတာကို မကန့်ကွက်တာရယ်ကြောင့် ဟောဖြစ်သွားတာပါ" ဟု ရေးသားထားသည်။

ဦးဝီရသူသည် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မြန်မာနိုင်ငံကိုယ်စားလှယ် မစ္စရန်ဟီးလီ မြန်မာနိုင်ငံလာရောက်စဉ် ဆဲဆိုဆန္ဒပြ ဟောပြောခြင်းကြောင့် ဝေဖန်မှု ကျယ်ကျယ်ပြန့်ပြန့် ခံနေရသည့် သံဃာတစ်ပါးဖြစ်သည်။

No comments: