Monday, April 6, 2015

မန်းတွင် သင်္ကြန်ကာလအတွင်း မဏ္ဍပ်များ မိုင်းရှင်းလင်းရန် ရဲတပ်ဖွဲ့ဝင် ၄၀ ဖြင့် ဆောင်ရွက်မည်

အောင်ကိုဦး

မန္တလေးမြို့တွင် သင်္ကြန်ကာလအတွင်း မဏ္ဍပ်များ၌ မိုင်းရှင်းလင်းရေးများ လုပ်ဆောင်ရန် မိုင်းရှင်းလင်းရေး ရဲတပ်ဖွဲ့ဝင် ၄၀ ဦးဖြင့် ဆောင်ရွက်သွားမည်ဟု မန္တလေးတိုင်းဒေသကြီး ဒုတိယ ရဲတပ်ဖွဲ့မှူး သက်နိုင်က မဇ္ဈိမကို ပြောသည်။

မိုင်းရှင်းလင်းရေး ကိရိယာများ၊ မိုင်းရှင်းလင်းရေး ခွေးများဖြင့် မဏ္ဍပ်များတွင် ဖြန့်ကြက်၍ မိုင်းရှင်းလင်းမှုများ ပြုလုပ်သွားမည်။

"သင်္ကြန်မတိုင်ခင် ၂ ရက် ၃ ရက်အလိုကနေစပြီး မိုင်းရှင်းလင်းရေး လုပ်သွားမယ်။ သင်္ကြန်အတွင်း မှာတော့ ဗဟိုမဏ္ဍပ်နဲ့ ဌာနဆိုင်ရာ မဏ္ဍပ်တွေမှာ မိုင်ရှင်းလင်းရေး တပ်ကို ဖြန့်ထားပေးမယ်"ဟု ၎င်းက ပြောသည်။

ထိုသို့ မိုင်းရှင်းလင်းရေးများ ဆောင်ရွက်သွားမည့်အပြင် မန္တလေးခရိုင်အတွင်း သင်္ကြန်ကာလ၌ မှုခင်းများ မဖြစ်ပွားစေရန်နှင့် မှုခင်းများ ကြိုတင်ကာကွယ်ရန် ရဲတပ်ဖွဲ့ဝင် ၇၀၀ ဦးဖြင့်လည်း လုံခြုံရေး ယူသွားမှာဖြစ်ပြီး လမ်းဆုံလမ်းခွများတွင်လည်း မှုခင်း ကြိုတင်ကာကွယ်ရေး အသိပညာပေး ပိုစတာများ စိုက်ထူးထားမည်။ ထို့အပြင် လိင်စိတ်ကြွဆေးဝါးများကို လိုက်လံဖမ်းဆီးမှုများလည်း ဆောင်ရွက်သွားမည် ဖြစ်သည်။

ယခုနှစ် မန္တလေး သင်္ကြန်အတွင်း ကျုံးပတ်ပတ်လည်တွင် မဏ္ဍပ် အခု ၄၀ ဆောက်ခွင့်ပြုထားသော်လည်း လက်ရှိတွင် ကျုံးတောင်ဘက် ၂၆ လမ်းမပေါ်တွင် ၁၀ ခု၊ ကျုံးအရှေ့ဘက် ၆၆ လမ်းမပေါ်တွင် ၁၀ ခု၊ ကျုံးအနောက်ဘက် လမ်း ၈၀ ပေါ်တွင် လေးခု၊ ကျုံးမြောက်ဘက် ၁၂ လမ်းပေါ်တွင် တစ်ခု စုစုပေါင်း ၂၅ ခု တည်ဆောက်နေပြီဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူးက ပြောသည်။

No comments: