ယုဝေ
အင်ဒိုနီးရှားသို့ လူကုန်ကူးခံရပြီး ရေလုပ်သားများအဖြစ် ခိုင်းစေခံနေရသည့် မြန်မာနိုင်ငံသားများကို မြန်မာကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ ဖွဲ့စည်းလျက် ကွင်းဆင်းကယ်ဆယ်သွားမည်ဟု လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ခင်မောင်လှက ဧပြီ ၅ ရက်တွင် မဇ္ဈိမကို ပြောသည်။
“မြန်မာသံရုံးက လူတွေက အရင်ကွင်းဆင်းပြီး မြန်မာဘယ်နှစ်ဦးရှိနေတယ်။ ဘယ်ကျွန်းတွေမှာ ရောက်နေတယ် ဆိုတာတွေကိုအရင်ကွင်းဆင်း လေ့လာမယ်။ ပြီးရင် ဘယ်လို ဆက်သွယ်မယ် ဘယ်လုပ်ငန်းတွေကို ဘယ်လိုဆောင်ရွက်မယ် ဆိုတာတွေကို အစီအစဉ်ရေးဆွဲမယ်။ အဲ့ဒီအစီစဉ်အတိုင်း ဒီကသွားမယ့် ကိုယ်စားလှယ်အဖွဲ့က ဆောင်ရွက်ပြီး မြန်မာနိုင်ငံသားတွေကို ကယ်တင်သွားမယ်” ဟု ဒု-ရဲမှူးကြီး ခင်မောင်လှက ပြောသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့ကို အင်ဒိုနီးရှားနိုင်ငံသို့ စေလွှတ်လျက် ကယ်ဆယ်ရေး အစီအစဉ်ကို အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာ သံရုံးက ရေးဆွဲမည်ဖြစ်သည်။ မြန်မာကိုယ်စားလှယ်အဖွဲ့တွင် လူဝင်မှုကြီးကြပ်ရေးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာန တို့မှ တစ်ဦးစီနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ နှစ်ဦးပါဝင်မည်ဖြစ်သည်။
အဆိုပါ မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဧပြီလ ၁၃ ရက်မှ မေလ ၃ ရက်အထိ အင်ဒိုနီးရှားနိုင်ငံသို့ ရက် ၂၀ ကြာသွားရောက်မည် ဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသည် အင်ဒိုနီးရှားရောက် မြန်မာနိုင်ငံသားများ စာရင်းကို ဧပြီ ၆ ရက်တွင် စတင်ကောက်ခံမည် ဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံ ဘန်ဂျီးနားရွာသို့ ထိုင်းနိုင်ငံမှတစ်ဆင့် လူကုန်ကူးခံရသည့် မြန်မာလုပ်သားများသည် မြန်မာနိုင်ငံသားဖြစ်ကြောင်း သက်သေခံ အထောက်အထားများ ဖျောက်ဖျက်ခံခဲ့ရပြီး အတင်းအဓမ္မ စေခိုင်းခံနေရသည်ကို AP သတင်းဌာနတွင် ဖော်ပြထားသေးသည်။ မြန်မာလုပ်သားများသည့် အလုပ်ချိန် နာရီ ၂၀ နှင့်အထက် အလုပ်လုပ်နေရပြီး မသန့်ရှင်းသောက်ရေများ သောက်သုံးနေရသည့်အပြင် အဆိပ်ရှိ လိပ်ကျောက်မြီးနှင့် အရိုက်ခံရခြင်း၊ ကန်ကျောက်ခံရခြင်းတို့ ကြုံတွေ့နေရသည်ဟု AP က ရေးသားသည်။
အင်ဒိုနီးရှားနိုင်ငံတွင် မြန်မာနိုင်ငံသား ၁၀၀၀ ခန့်ရှိနေနိုင်သည်ဟု ဒုရဲမှူးကြီး ခင်မောင်လှက ခန့်မှန်းထားသည်။
No comments:
Post a Comment