Saturday, April 25, 2015

နိုင်ငံတကာသို့ ထုတ်လွှင့်ပြသရန် မြန်မာနိုင်ငံအတွင်းရှိ ခရီးစဉ်ဒေသ မှတ်တမ်းများကို လာရောက်ရိုက်ကူး

သီဟကိုကို

နိုင်ငံတကာသို့ ထုတ်လွှင့်ပြသနိုင်ရေးအတွက် မြန်မာနိုင်ငံအတွင်းရှိ ခရီးစဉ် ဒေသမှတ်တမ်းများကို ဘယ်လ်ဂျီယမ်နိုင်ငံ အခြေစိုက် Eccho Line BVBA ရိုက်ကူးရေးအဖွဲ့က လာရောက်ရိုက်ကူးခဲ့သည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Eccho Line BVBA မှ Pekin Express ခရီးသွားမှတ်တမ်း အစီအစဉ်ကို လာရောက်ရိုက်ကူးခြင်းဖြစ်ပြီး မန္တလေး -ပခုက္ကူ- ပုဂံ- ပုပ္ပားတောင်- ကျောက်ပန်းတောင်း- ကံပြား- မကွေး- ညောင်ပင်ရွာ- နတ်မောက်- ပျော်ဘွယ်-ဘုရားငါးဆူ- ယင်းမာပင်- ကလော- လမိုင်း- သစ်လှ- ကလော- အောင်ပန်း- ပင်းတယ- တောင်ကြီး- ကက္ကူ- နမ့်ပန်- မိုင်းသောက်- ညောင်ရွှေ- အောင်ပန်း- ရမည်းသင်း- တောင်ငူ- အုတ်တွင်း- ပဲခူး- ရန်ကုန် မြို့များသို့ မတ်လမှ ဧပြီလအတွင်း လာရောက်ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။

ရိုက်ကူးရေးအဖွဲ့တွင် စပိန်၊ ဘယ်လ်ဂျီယမ်နိုင်ငံသားများ အပါအဝင် ၈၂ ဦးပါဝင်ပြီး ခရီးစဉ် တစ်လျှောက်တွင် မော်တော်ယာဉ်များ လမ်းကြမ်းစီးခြင်း၊ တည်းခိုရန် ဒေသခံနေအိမ်များကို လေ့လာခြင်း၊ ရိုးရာ ဓလေ့ထုံးစံအတိုင်း စားသောက်ခြင်း၊ ဒေသအလိုက် ကစားနည်းများတွင် ရိုက်ကူးရေးအဖွဲ့သားများ ပါဝင်လေ့လာခြင်းများ ပြုခဲ့သည်။

အဆိုပါ ခရီးသွားမှတ်တမ်းကို စပိန်အခြေစိုက် Antena 3 (A4 Television) မှ နိုင်ငံတကာသို့ ထုတ်လွှင့်ပြသမည် ဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူ ဖြစ်စေမည်ဟု ဝန်ကြီးဌာနမှ တာဝန်ရှိသူက ဆိုသည်။

အဆိုပါ ခရီးသွားမှတ်တမ်းရိုက်ကူးရေးခရီးစဉ်ကို ပုဂ္ဂလိက ခရီးသွားကုမ္ပဏီ Golden Trip Travels & Tours ကုမ္ပဏီက စီစဉ်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၅ နှစ်ဆန်းပိုင်းတွင်လည်း ကချင်ဒေသ ခရီးစဉ်များကို နိုင်ငံတကာ ရိုက်ကူးရေးအဖွဲ့များက လာရောက်ရိုက်ကူးခဲ့သေးသည်။

No comments: