နန်းမြင့်
လာမည့် ၂၀၁၅-၂၀၁၆ ခုနှစ် ပညာသင်နှစ်မှစတင်ကာ အဋ္ဌမတန်းကျောင်းသား ကျောင်းသူများ စာမေးပွဲ ကျရှုံးပါက ကျရှုံးသည့် ဘာသာရပ်ကို ပြန်လည်ဖြေဆို (ကုစား) ပေးသည့်စနစ် မရှိတော့ဟု အမှတ် ၃ အခြေခံပညာဦးစီးဌာန ညွန်ကြားရေးမှူး (ပညာ) မှ ဒေါ်စန်းစန်းရီက ပြောသည်။
ယခု ၂၀၁၄-၂၀၁၅ ခုနှစ်ပညာသင်နှစ်တွင် စတုတ္ထတန်းနှင့် အဋ္ဌမတန်းကို တိုင်းဒေသကြီးအဆင့်နှင့် ခရိုင်အဆင့်ဖြင့် မေးမြန်းခဲ့ပြီးအောင်မြင်ခြင်း မရှိသည့် ကျောင်းသား၊ ကျောင်းသူများသည် မိမိကျရှုံးသည့် ဘာသာရပ်ကို ပြန်လည်ဖြေဆိုရသော်လည်း လာမည့်နှစ်တွင်မူ အဋ္ဌမတန်းအတွက် ယင်းစနစ် မရှိတော့ဟု ဆိုခြင်းဖြစ်သည်။
ဒေါ်စန်းစန်းရီက ''ဒီနှစ်မှ ပထမဆုံးပဲ ကလေးတွေက ၁၀၀ နဲ့ ပတ်သက်တဲ့ မေးခွန်းကို မတွေ့ဖူးဘဲ စတွေ့တာဖြစ်တဲ့အတွက် ပညာရေးဌာန အနေနဲ့ ထူးထူးကဲကဲ ဆောင်ရွက်ပေးတာ ဖြစ်တယ်။ တကယ်တန်း ဒါကို သိပြီးသားဆိုရင် ကျရင် ကျပြီး ဖြစ်တယ်။ စတုတ္ထတန်းက သေချာမသိဘူး ရှိကောင်းရှိမယ်'' ဟု ပြောသည်။
ယခုနှစ် စတုတ္ထတန်းတွင် ကျောင်းသား၊ ကျောင်းသူ အများဆုံးပြန်လည်ဖြေဆိုရမည့် ဘာသာရပ်မှာ သင်္ချာ၊ အင်္ဂလိပ်စာနှင့် လူမှုရေး ဘာသာရပ်များ ဖြစ်သည်။ ပြန်ဖြေဆိုရာတွင် သင်္ချာ ဘာသာရပ် ၁၇၀၀၀ ဦးကျော်၊ အင်္ဂလိပ်စာ နှင့် လူမှုရေးဘာသာရပ် ၁၄၀၀၀ ဦးကျော်ဖြစ်ပြီး အဌမတန်းတွင် အများဆုံး ပြန်ဖြေရမည့် ဘာသာရပ်မှာ သချာင်္ ၄၂၀၀၀ ဦးကျော်၊ အင်္ဂလိပ်စာ ၃၃၀၀၀ ဦးကျော်နှင့် သမိုင်း ၂၉၀၀၀ ဦးကျော်တို့ ဖြစ်သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲမှုကွန်ရက် (NNER) အဖွဲ့ဝင် ဒေါက်တာ စိုးဝင်းဦး (ဒေါက်တာ ဘိုင်အို)က ''ကုစားမယ်ဆိုတာ သိနေတာ ကျောင်းသား မိဘတွေက ပေါ့ကြတယ်။ ကုစားမှုမပေးတော့ဘူးဆိုရင်တော့ ကျောင်းသားမိဘတွေကလေးတွေကို ပိုပြီးဂရုစိုက်လာကြမယ်'' ဟု ပြောသည်။
ယခုနှစ်အတွက် ပြန်လည်ကုစားပေးမည့် ဘာသာရပ်များကို မေလ ၁၄ ရက်၊ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် တစ်ရက် နှစ်ဘာသာနှုန်းဖြင့်ပြန်လည်ဖြေဆိုရမည်ဖြစ်ပြီး မေလ ၂၈ ရက်တွင် အောင်စာရင်း ပြန်လည် ထုတ်ပြန်သွားမည် ဖြစ်သည်။
No comments:
Post a Comment