Sunday, April 5, 2015

သင်္ကြန်တွင်း မူဆယ်-မန္တလေး ကုန်ကားသွားလာမှုများ ပုံမှန်အတိုင်း ဆက်ရှိမည်ဟုဆို

နိုင်နိုင်ဇော်

သင်္ကြန်တွင်း ကာလဖြစ်သော်လည်း မူဆယ်-မန္တလေး ကုန်ကားသွားလာမှုများ ပုံမှန်အတိုင်း ဆက်ရှိနေမည်ဟုမန္တလေး-မူဆယ် အဝေးပြေး ကုန်စည်သယ်ယူပို့ဆောင်ရေးအသင်းက ပြောသည်။

နှစ်သစ်ကူး ရုံးပိတ်ရက် ကုန်စည်ပွဲရုံလုပ်ငန်းများ ရပ်နားကြသော်လည်း မန္တလေး-မူဆယ် ကုန်ကားအများစုမှာ ပုံမှန်အတိုင်း ပြေးဆွဲကြမည်ဟု ယင်းအသင်းဥက္ကဋ္ဌ ဦးဝင်းအောင်ထွန်းက ဆိုသည်။

“ကားလိုင်းအနေနဲ့ သင်္ကြန်တွင်း ပိတ်ရက်မရှိ ဖွင့်ထားမှာပါ။ တချို့ကားသမားတွေ ကိုယ့်သဘောနဲ့ကိုယ် နားတာတွေတော့ ရှိနိုင်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။

လက်ရှိ မတ်လကုန်အထိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဂိတ်သို့ နေ့စဉ်ကုန်ကား အစီးရေ ၁,၃၀၀ ၀န်းကျင် အထိပုံမှန် ဝင်ရောက်နေပြီး ကုန်ကား တန်ဆာခများမှာလည်း အပြောင်းအလဲ မရှိသေးကြောင်း ဒေသကုန်သည်များနှင့် ကားလုပ်ငန်းများက ပြောသည်။

၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ တာဝန်ရှိသူတစ်ဦးက “ဒီမတ်လကုန် အထိတော့ ကားခအပြောင်းအလဲ မရှိသေး ပါဘူး။ နောက်ရက်တွေမှာတော့ ကုန်ကားသမားတွေ နားမယ်ဆိုရင် ဈေးတော့ တက်လာနိုင်မယ် ထင်တယ်”ဟု ဆိုသည်။

မတ်လ ၃၁ ရက်အထိ မန္တလေး-မူဆယ်အထိ ၁၇ တန်ပါသည့် ကုန်ကားတစ်စီးလျှင် ကျပ် ခုနစ်သိန်းကျော်၊ ၁၈ တန်ပါသည့်ကုန်ကားတစ်စီးလျှင် ကျပ်ရှစ်သိန်းခွဲအထိ ပေးရကြောင်းလည်း မူဆယ်ကုန်သွယ်ရေးလုပ်ငန်းရှင် များက ရှင်းပြသည်။

သင်္ကြန်တွင်းကာလ မူဆယ်ကုန်သွယ်ရေးရုံးမှလည်း နေ့တစ်ပိုင်း ရုံးဖွင့်ထားခြင်းကြောင့် ကုန်ကား သွားလာမှုများ ပုံမှန်အတိုင်း ဆက်လက်ရှိနိုင်မည်ဟုလည်း ကုန်သွယ်ရေးဇုန် တာဝန်ရှိသူများက ပြောသည်။

မန္တလေး-မူဆယ် ကုန်ကားသွားလာမှုမှာ ဧပြီလ ၁၁ ရက်အထိ ပုံမှန်ရှိနိုင်သော်လည်း ရန်ကုန်-မန္တလေးကုန် ကားသွားလာမှုမှာ ၇ ရက်နောက်ပိုင်း သိသိသာသာ ကျဆင်းသွားပြီး ရန်ကုန်-မူဆယ် ကုန်စည်သယ်ယူမှု မရှိ သလောက်ဖြစ်သွားသည်ဟု မန္တလေး-မူဆယ် အဝေးပြေး ကုန်စည်သယ်ယူပို့ဆောင်ရေးအသင်းက ဆိုသည်။

3 comments:

သိမှတ်စေရာ said...

အမြဲဝင်ရောက်လေ့လာကြည့်ရူ့အားပေးလျက်ပါ ဒီထက်စုံလင်စွာတင်ပေးပါလို့တောင်းဆိုပါရစေဗျာ(အားပေးလျက်)

Anonymous said...

အမြဲဝင်ရောက်လေ့လာကြည့်ရူ့အားပေးလျက်ပါ ဒီထက်စုံလင်စွာတင်ပေးပါလားဗျာ

Unknown said...

ဟုတ်ကဲ့ ခုလိုအားပေးတဲ့ အတွက် ကျေးဇူးပါ။ ဘယ်လိုအရာ မျိုးလေးတွေ တင်စေချင်တယ်ဆိုတာ ပြောထားခဲ့ပေးပါ။ ကျနော် တတ်နိုင်သလောက် လုပ်ပေးပါ့မယ်။