Tuesday, April 21, 2015

တနိုင်း တွင်ကေအိုင်အေနှင့် တပ်မတော် တိုက်ပွဲပြန်ဖြစ်

ဖနိဒါ

ကချင်ပြည်နယ် တနိုင်းဒေသဘက်တွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် အစိုးရ စစ်တပ်တို့ အကြား တိုက်ပွဲပြန် လည်ဖြစ် ပွားနေသည်ဟု ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ၏ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီးဇော်တောင်က မဇ္ဈိမ ကိုပြောသည်။

KIA ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ နယ်မြေ ဖားကန့်မြို့နယ် ကင်စီးကျေးရွာ အနီးတွင် ဧပြီလ ၁၈ ရက်မှ စတင်၍ အစိုးရ စစ်တပ်က လှုပ်ရှားလာ သဖြင့်နှစ်ဖက် တိုက်ပွဲ များပြန်လည်ဖြစ် ပွားခဲ့ရာမှ ယနေ့ထိနှစ်ဖက် စစ်ရေးတင်းမာမှုများ ရှိနေသလို၊ တနိုင်းဒေသ KIA ၏ တပ်ရင်း ၁၄ တွင်လည်း တိုက်ပွဲ ဆက်လက်ဖြစ် ပွားနေဆဲဖြစ် သည်ဟု သိရသည်။

“ဒီနေ့ မနက်ပိုင်းမှာ တပ်ရင်း ၆ ဘက် မနေ့က ရသွားတဲ့ ဘွမ်(ရှရော်ဒေါန်တောင်)တို့၊ ကျွန်တော် တို့ရှေ့က ကာကင်းလေးတွေနှစ်နေရာ သုံးနေရာလောက်နေ ရာယူထားပြီးပြီ။ အခုရှေ့ထပ်တိုးရင်တော့ တိုက်ပွဲက ထပ်ဖြစ်မှာပဲ၊ နောက်တနေရာမှာက တနိုင်းဒေသ လီဒိုလမ်းမပေါ်ရှိ တဲ့ကောင်ရာကျေး ရွာဆိုတဲ့ ရွာရဲ့ အနောက်ဘက်မှာ ကျွန်တော်တို့ရဲ့ တပ်ရင်း ၁၄ ဧရိယာရှိတယ်။ ပြီးတော့ အဲဒီကောင်ရာကျေးရွာနဲ့ ဒိန်ခါးဂါးဆိုတဲ့ ရွာကြားမှာ ကျွန်တော်တို့ ဘက်ခြမ်း ကရှေ့ ဆုံးကာကင်းတစ်ခုရှိတယ်။ အဲဒီတပ်စခန်းက နမ်ဖြတ်ချောင်းရဲ့ အနောက်ဘက်မှာ ရှိတယ်။ ဒါပေမဲ့လည်း ၁၈ ရက်ကတည်းကနေ မကွာဘဲ ဒီနေ့မနက် ၁၀ နာရီလောက်မှာ သူတို့ကချောင်း အရှေ့ဘက်ကမ်းကနေကျနော်တို့ အနောက်ဘက်မှာ ရှိတဲ့ ကျနော်တို့ရဲ့ ရှေ့ဆုံးတပ်စခန်းလေးတခု လက်နက်မော် တာတွေ နဲ့ ပစ်နေတယ်။ ဒီနေ့ လေးကြိမ်မြောက်ရှိပြီ သူတို့ ပစ်နေတယ်” ဟု ဗိုလ်မှူးကြီးဇော်တောင်က မဇ္စျိမ ကိုပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်က တနိုင်းဒေသ KIA ၏ တပ်ရင်း ၁၄ ရှိရာ နမ်းဖြတ်ချောင်း၏ အနောက်ဘက်ရှိရာသို့ ကူးလာပါ ကပြသနာဖြစ် ပွားလာနိုင် သဖြင့် တိုးချဲ့မလာရန် KIA ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့က ကြိုတင် အကြောင်းကြား ညှိနှိုင်းခဲ့သော်လည်း ဧပြီ ၂၀ ရက် နံနက် ၁၀ နာရီချိန်တွင် အစိုးရ စစ်တပ်က လက်နက် ပစ်ခတ်မှုကြောင့် KIA ရဲဘော် အနည်းဆုံး ၃ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သူကပြောသည်။

ထို့ပြင် ဖားကန့်မြို့နယ် KIA တပ်ရင်း ၆ တပ်ဖွဲ့နှင့် အစိုးရတပ်တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့သော ဧပြီလ ၁၈ ရက် ညနေပိုင်းတွင် KIO ၏ ပဋိပက္ခညှိနှိုင်းဖြေရှင်း အဖွဲ့က ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) ကိုယ်စားလှယ်များ၊ မြစ်ကြီးနားမြို့ရှိ ပဋိပက္ခညှိနှိုင်းရေးအရာရှိများ၊ ကချင်ပြည်နယ် အစိုးရ နယ်လုံဝန်ကြီး ဌာနှင့်မြောက်ပိုင်း တိုင်းစစ် ဌာနချုပ်တို့ တယ်လီဖုန်းဖြင့် ညှိနှိုင်းဆွေးနွေး ခဲ့သည်ဟု သူကပြောသည်။

အစိုးရ စစ်ကြောင်းများက ၎င်းတို့၏ တပ်စခန်းမှ မီတာ (၁၀၀၀) ဝန်းကျင်တွင် ကင်းလှည့်ချိန်တွင် မိုင်းနင်းမိသဖြင့် ထိခိုက်ဒဏ်ရာရသူများ ရှိသည်ဟု အစိုးရ စစ်တပ်ဘက်မှ ပြောဆိုမှုများ ရှိသည်။ သို့သော် KIA က အောက်ခြေ တပ်များအား ပြန်လည် စိစစ်ကြည့်ရာ မိုင်းနှင့် တိုက်ခိုက်ခံရခြင်း မဟုတ်ဘဲ အစိုးရ စစ် တပ်ဘက်မှ KIA တပ်စခန်းရှိ ရာသို့ လှုပ်ရှားလာခြင်းကြောင့် ဖြစ်သည်ဟု သူက ဆိုသည်။

ထိုသို့ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့တို့အကြား အပြန်အလှန် ညှိနှိုင်းဆွေးနွေးနေသော်လည်း အစိုးရ စစ်တပ်က KIA တပ်စခန်းရှိရာသို့ တိုးချဲ့လှုပ်ရှား လာပါ ကတိုက်ပွဲများ ဆက်လက် ဖြစ်ပွားမည့် အခြေအနေတွင် ရှိနေသည်ဟု ဗိုလ်မှူးကြီးဇော်တောင် ကပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလက ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အစိုးရ စစ်တပ်က ဖားကန့်မြို့နယ် အောင်ဘာလီ၊ ကင်စီဟော်၊ ကင်စီးကျေးရွာဟောင်းများ အပါ အဝင် KIA ၏ တပ်စခန်း ၃ ခန့်ကို KIA ဘက်မှ ဆုတ်ခွာထားပြီး ဖြစ်သလို၊ လက်ရှိ နှစ်ရက်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင်လည်း KIA က တပ်စခန်းအချို့ ဆုတ်ခွာပေး လိုက်ရသည်ဟု သူကပြောသည်။

“အောက်ခြေကို ညွန်ကြားမှု မရှိ တာလား။ ဒါမှ မဟုတ်အောက်ခြေကဘဲ ဘယ်လို ညွန်ကြားထား လည်းတော့ မသိဘူး။အောက်ခြေ ကတော့ရှေ့ တိုးပြီးမှ ကျွန်တော်တို့စခန်းတွေကို လိုက်လိုက် ပစ်နေတုန်းပဲ။ ကျွန်တော်တို့ အခုလောလောဆယ်တော့ အလျင်အမြန် အကြောင်းကြားရတဲ့ဟာအတွက် ဖုန်းနဲ့ပဲ ချက် ချင်း အောက်ခြေက အခြေအနေတွေကို ဆွေးနွေးညှိနှိုင်းတာတွေ ရှိတယ်။ ဒါပေမဲ့ ရှေ့တန်းအဖွဲ့တွေကို ဘယ်လို ညွန်ကြားထားလည်း မသိဘူး။ အစိုးရ စစ်ကြောင်းတွေက တိုးနေတုန်းပဲ” ဟု ဗိုလ်မှူးကြီး ဇော်တောင်က ပြောသည်။

KIA တပ်ရင်း ၆ ဘက်တွင် KIA တပ်ဖွဲ့နှင့် အစိုးရ စစ်တပ်၏ စစ်ဆင်ရေးနှင့်ကုတ်ကဲရေး(စကခ) တပ်ရင်း ၇ လက်အောက်ခံ တပ်ရင်းများနှင့် ဧပြီ ၂၀ရက်တွင် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသော်လည်း အစိုးရစစ်တပ် စစ်ကြောင်းများ အင်အား ထပ်မံ တိုးချဲ့မှုများ ရှိနေသဖြင့် နှစ်ဖက် စစ်ရေးတင်းမာမှုများ ရှိနေသည်ဟု သူ ကပြောသည်။

ပြသနာများ အကြီးထွားလာစေရန် ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့က ဆက်ဆက်ညှိနှိုင်းဆွေးနွေးသွားမည် ဖြစ်ပြီး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်း ပါအချက်များ သဘောတူညီမှု ရရှိပြီးနောက် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ ဆဲဖြစ်သော်လည်း တစ်နိုင်ငံ လုံး အပစ်အခတ် ရပ်စဲရေးတွေ့ ဆုံဆွေးနွေး မည့်လမ်းကြောင်း အတိုင်း ဆက်လက်ဆောင် ရွက်သွား မည်ဟု သူက ဆိုသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်းပါ အချက်များ သဘောတူညီမှုနှင့် ပတ်သက်၍ လက်ရှိ KIO ဗဟိုကော်မတီက ဧပြီလ ၁၈ ရက်မှစတင်၍ ယနေ့ ထိပြန်လည် သုံးသပ် ဆွေးနွေးနေဆဲ ဖြစ်သည်။ လာမည့် မေလ ၁ ရက်တွင် ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ညီလာခံသို့လည်း တက်ရောက်ရန် ဖိတ်ခေါ်ထားသဖြင့် KIO ကိုယ်စားလှယ်များ တက်ရောက် ရန်ပြင်ဆင်နေ သည်ဟု ဗိုလ်မှူးကြီးဇော်တောင် ကပြောသည်။

No comments: