Friday, April 17, 2015

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး အစိုးရဖွဲ့စည်းခွင့်အား တပ်မတော်မှ လက်ခံပါ

ဧရာဝတီ

၂၀၁၅ ရွေးကောက်ပွဲကို သပိတ်မှောက်နိုင်ဖွယ် ရှိကြောင်း အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပြီး ပြုပြင်ပြောင်းလဲရေးတွင် သမ္မတ ဦးသိန်းစိန်၏ ရိုးသားမှုအပေါ် မေးခွန်းထုတ်လိုက်ခြင်းသည် တပ်မတော်၏ နိုင်ငံရေးဦးဆောင်မှုကို အာမခံထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား မပြင်ဆင်တော့ဘဲ ရွေးကောက်ပွဲကျင်းပပြီး လက်ရှိအုပ်ချုပ်ရေးစနစ် သက်တမ်းတိုးမည်ကို စိန်ခေါ်လိုက်ခြင်းပင်။

ဒီမိုကရေစီနည်းလမ်းအရဆိုလျှင် မဲဆန္ဒရှင် လူထုအများ၏ ထောက်ခံမဲဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရသော ပါတီသည် အစိုးရဖွဲ့ပိုင်ခွင့် ရှိရမည်ဖြစ်ပြီး ပါတီခေါင်းဆောင်များ အစိုးရအဖွဲ့ကို ဦးဆောင်ခွင့် ရှိရမည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ ပြည့် ရွေးကောက်ပွဲတွင် မဲအပြတ်ဖြင့် နိုင်သော်လည်း အုပ်ချုပ်ခွင့် အာဏာကို အာဏာသိမ်း စစ်ခေါင်းဆောင်များက မအပ်နှင်းခဲ့ပါ။ ယခု ၂၀၁၅ ရွေးကောက်ပွဲကျင်းပလျှင်လည်း မဲအများစုဖြင့် အနိုင်ရနိုင်သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ဦးဆောင် အစိုးရဖွဲ့ခွင့် ပိတ်ထားရာ မတရားဟုသာ ဆိုရမည်။

၂၀၁၁ တွင် စတင်သော သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး အစသာကောင်းပြီး အနှောင်း မသေချာ ဖြစ်လာသည်။ ၂၀၁၂ တွင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်လာခဲ့သော်လည်း ၂၀၁၅ တွင် ကျောင်းသားသပိတ်အား အကြမ်းဖက်ဖြိုခွဲမှု ဖြစ်ပွားအပြီး အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားဦးရေ ငါးရာအထိ ပြန်တက်လာခဲ့သည်။ နိုင်ငံရေးအကျဉ်းသား မရှိစေရဟု ဦးသိန်းစိန်၏ ကတိလည်း ပျောက်ကွယ်သွားခဲ့ပြီး ကွဲပြားခြားနားမှုများကို သည်းခံပြီး ပူးပေါင်းဆောင်ရွက်မည့် နိုင်ငံရေးယဉ်ကျေးမှုသစ်ဆိုသည်မှာလည်း လုံးပါးပါးလာသည်။

လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များ၊ တပ်မတော်ကိုယ်စားလှယ်များ အပါအဝင် နေပြည်တော် အစိုးရ သမ္မတရုံး ဝန်ကြီးများ လက်မှတ်ရေးထိုးလိုက်နိုင်သော တနိုင်ငံလုံး အပစ်အခပ်ရပ်စဲရေး သဘောတူ စာချုပ်မူကြမ်း ထွက်ပေါ်လာခဲ့သော်လည်း သေနတ်သံများ လုံးဝ တိတ်သွားပြီး ပြည်တွင်းငြိမ်းချမ်းရေး ထူထောင်နိုင်ရေးမှာ နိုင်ငံရေးသဘောတူချက်များ ရရှိမှ အာမခံနိုင်မည်။ ထို့ကြောင့် တိုင်းရင်းသားများနှင့် အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်ရေး၊ ထာဝရ ငြိမ်းချမ်းမှု ရရှိရေး၊ စစ်မှန်သော ဖက်ဒရယ်စနစ် ဖြစ်ပေါ်နိုင်ရေးတို့ အတွက် ၂၀၀၈ ဖွဲ့စည်းပုံကို မပြုပြင်ဘဲ တရားသေ
ချုပ်ကိုင်သွား၍ မရပါ။

ပြဿနာမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်လိုပါက ပြည်သူများက သဘောတူသည့်တိုင် ကာကွယ်ရေး ဦးစီးချုပ်၏ သဘောတူညီချက် လိုအပ်နေခြင်းပင်။ ယခုနှစ် နှောင်းပိုင်းတွင် နေပြည်တော်က ကတိပေးထားသော ရွေးကောက်ပွဲကို ပြည်တွင်းပြည်ပက စိတ်ဝင်တစား စောင့်ကြည့်နေပြီး မြန်မာ့နိုင်ငံရေး အနာဂတ်တည်ငြိမ်စေရေး မျှော်လင့်လျှက် ရှိပါသည်။ ဆယ်စုနှစ် ၂ နှစ်ကျော် စွန့်လွှတ်ပေးဆပ်မှုကြောင့် မဲဆန္ဒရှင်ပြည်သူအများက တခဲနက်ထောက်ခံလာခဲ့ပြီး ကမ္ဘာ့ခေါင်းဆောင်များ၌ တွေ့ရသော အရည်အသွေးရှိသည့် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့အနာဂတ်နိုင်ငံရေးတွင် ကန့်သတ်ချန်လှပ်ထားခဲ့၍ မဖြစ်ပါ။ ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရဖွဲ့စည်းခွင့် တပ်မတော်မှ လက်ခံလျှင် မြန်မာ့ဂုဏ်ရည် ပိုပြောင်ဖို့သာ ဖြစ်မည်ဟု တိုက်တွန်းရေးသားအပ်ပေသည်။

No comments: