Wednesday, April 22, 2015

လက်ပံတောင်းတွင် ဒေါ်ခင်ဝင်းကို ပစ်ခတ်သည့် လူသတ်တရားခံကို ရှာဖွေစစ်ဆေးမည်ဟု ဆို

သူဇာ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းပဋိပက္ခတွင် သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးခေါင်းခွံ့ ပွင့် သေဆုံးသွားသော ဒေါ်ခင်ဝင်း အမှုနှင့်ပတ်သက်၍ ဆားလင်းကြီးမြို့နယ် ရဲစခန်းက လူသတ်မှုဖြင့် အမှုဖွင့်လိုက်ပြီး လူသတ် တရားခံကို ရှာဖွေ စစ်ဆေးမည်ဟု စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေထွန်းက ပြောသည်။

“တရားရုံးက ဆုံးဖြတ်ချက်ကြောင့် အခု လူသတ်မှုနဲ့ တရားစွဲထားပြီးပြီ။ ဘယ်သူပစ်မှန်းတော့ မသိသေးဘူး။ ရဲစခန်းက လုပ်ထုံး လုပ်နည်းတွေနဲ့ စုံစမ်းစစ်ဆေးပြီးတော့ ဘယ်သူပစ်တယ်ဆိုတာ သိရမယ်။ လူသတ်မှုဆိုင်ရာ လုပ်ငန်းစဉ်တွေကို ရဲစခန်းက ဆက်လက်ဆောင်ရွက်နေပြီ” ဟု စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေထွန်းက ဧရာဝတီသို့ ပြောသည်။

ဧပြီလ ၉ ရက်နေ့က ဆားလင်းကြီးမြို့နယ် တရားသူကြီး ဦးရွှေမြင့်မောင်က ဒေါ်ခင်ဝင်း သေဆုံးရသည့် အကြောင်း အရင်း သည် ဦးခေါင်းခွံအား သေနတ်ထိမှန်၍ ဦးခေါင်းခွံကွဲအက်၊ ပွင့်ထွက် သေဆုံးရခြင်း ဖြစ်သည်ဟု တရားရုံးတွင် စီရင်ချက် ချမှတ်ခဲ့ရာ ယင်းစီရင်ချက်ကြောင့် ဒေါ်ခင်ဝင်းသေဆုံးမှုကို ယခင်အမှုဖွင့်ထားသည့် သေမှု သေခင်းဖြင့် အမှု ဖွင့်ခဲ့ရာမှ လူသတ်မှုနှင့် ပြောင်းလဲအမှုဖွင့်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်း သိမ်းယူခံထားရသည့် လယ်ယာ မြေများ ပြန်လည်ရရှိရန် တောင်းဆိုနေသည့် တောင်သူလယ်သမားများနှင့် လုံခြုံရေး ရဲဝန်ထမ်းများ အကြား ပဋိပက္ခ ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက် ဖြိုခွင်း ပစ်ခတ်မှုကြောင့် မိုးကြိုးပြင် အလယ်ကျေးရွာနေသူ ဒေါ်ခင်ဝင်း ပွဲချင်း ပြီး သေဆုံးခဲ့ရသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆောင်ရွက်ရန်အတွက် တရုတ်ဝမ်ပေါင် ကုမ္ပဏီက လျော်ကြေးရယူထားခြင်း မရှိသည့် စစ်ကိုင်း၊ ဆားလင်းကြီးမြို့နယ်၊ တုံရွာနဲ့ မိုးကြိုးပြင် အလယ်ကျေးရွာမှ လယ်ယာမြေများကို အဓမ္မ၀င်ရောက် သိမ်းယူပြီး ခြံစည်းရိုးခတ် ကာရံခဲ့သည့်အတွက် ရာပေါင်းများစွာသော ဒေသခံလယ်သမားများက ဆန့်ကျင် ကန့်ကွက် ကြရာမှ ယင်းသို့ ပဋိပက္ခ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

No comments: