Sunday, April 26, 2015

အပြာရဲ့အနီ သံချပ်အဖွဲ့ သင်္ဃန်းကျွန်း မဏ္ဍပ်တွင် စွယ်စုံဆု ပထမရ

ခင်မြတ်မြတ်ဝေ

သင်္ကြန်ကာလ၌ ရန်ကုန်မြို့တွင်း လှည့်လည်ဖျော်ဖြေသည့် သံချပ်အဖွဲ့များကို မဏ္ဍပ်လေးခုက ဆုချီးမြှင့်ရာ သင်္ဃန်းကျွန်းမြို့နယ်ရှိ ရွှေစင်မဏ္ဍပ်က ပေးသည့် စွယ်စုံ ပထမဆု ရရှိခဲ့ပြီး ကျပ်ငွေ ခုနှစ်သိန်း လက်ခံရရှိခဲ့သည်။

စွယ်စုံ ဒုတိယဆုကို ကျွန်ုပ်တို့ သံချပ်အဖွဲ့က ရရှိပြီး ဆုကြေးငွေ ငါးသိန်း၊ စွယ်စုံ တတိယဆုကို သာဂီနွယ် သံချပ်အဖွဲ့က ရရှိပြီး ဆုကြေးငွေ သုံးသိန်း အသီးသီး လက်ခံရရှိခဲ့သည်။

"လာပြိုင်တာ သံချပ်ကား အစီး၂၀ လောက်ရှိတယ်၊ ကျွန်တော်တို့ မဏ္ဍပ်ကတော့ ၁၀ဆု ဆုချလိုက်တယ်။ တခြား မဏ္ဍပ်တွေမှာလည်း ဆုပေးတယ်လို့တော့ကြားတယ်" ဟု ရွှေစင်မဏ္ဍပ်ပိုင်ရှင် ဦးခန်းအောင်က မဇ္ဈိမကို ပြောသည်။

သံချပ် ပထမဆုကိုမူ မောင်မောင်ဆိုလေ ထီးရိုးရှည် သံချပ်အဖွဲ့က ရရှိကာ ဆုတော်ငွေ နှစ်သိန်း၊ ဒုတိယဆုကို ဒါးသံချပ်အဖွဲ့က ဆုတော်ငွေ တစ်သိန်းနှင့် တတိယဆုကို သင်္ကြန်မင်းသားကြီး သံချပ်အဖွဲ့က ဆုတော်ငွေ ငါးသောင်း လက်ခံရရှိခဲ့သည်။ နှစ်သိမ့်ဆုကို အကယ်ဒမီ၊ ဆူးကြားက ဗူးခါး၊ ယဉ်ကျေးမောင်နှင့် သာဂီနွယ် သံချပ်အဖွဲ့များက ရရှိခဲ့သည်။

၂၀၁၅ ခုနှစ် သင်္ကြန်ကာလအတွင်း သံချပ်အဖွဲ့ ၂၀ ကျော်က လိုက်လံဖျော်ဖြေခဲ့ပြီး ရွှေစင်မဏ္ဍပ်၊ ရွှေဝါစံမြေ မဏ္ဍပ်၊ ရေနံမဏ္ဍပ်နှင့် ဗမာသစ်မဏ္ဍပ်တို့က ဆုများ ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

No comments: