Monday, April 20, 2015

သင်္ကြန်ကာလ ယာဉ်စီးခပိုမိုကောက်ခံ၍ တိုင်ကြားမှု ၄၀ရှိ

နန်းမြင့်

ရန်ကုန်မြို့တွင်း သင်္ကြန်ကာလ ယာဉ်စီးခပိုမိုကောက်ခံ၍ တိုင်ကြားထားသည့် အမှုပေါင်း ၄၀ ရှိသည်ဟု ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (ဗဟို)မှ ဦးလှအောင်က ပြောသည်။

မဟာသင်္ကြန် အကြိုနေ့မှ အတက်နေ့အထိ ယာဉ်စီးခပိုမိုတောင်းခံ၍ တိုင်ကြားထားသည့် အမှုပေါင်း ၄၀ ရှိပြီး တိုင်ကြားခြင်းခံရသည့် ယာဉ်လိုင်းကို စိစစ်အရေးယူရန် ချက်ချင်း အကြောင်းကြားထားခြင်း ဖြစ်သည်။

ဦးလှအောင်က ''ရုံးပြန်ဖွင့်မှဆိုရင် ကားတွေကို စိစစ်ဖော်ထုတ်ရတာ ရက်အများကြီးကြာမှာ စိုးတယ်။ သက်ဆိုင်ရာ ယာဉ်လိုင်းတွေကို ယာဉ်စီးခ ပိုမိုတောင်းခံတဲ့ အတွက် ဒီယာဉ်ဟာတိုင်ကြားခြင်း ခံရပါတယ်။ စိစစ်ဖော်ထုတ်နိုင်ဖို့ အကြောင်းကြားပြီးပြီး၊ ယာဉ်တွေကို စိစစ်ဖော်ထုတ်မယ်။ အရေးယူမယ်''ဟု ပြောသည်။

သင်္ကြန်ကာလ ယာဉ်စီးခများ တောင်းခံရာတွင် သတ်မှတ်ထားသည့် နှုန်းထားထက် ကျပ် ၅၀၀နှင့် ကျပ် ၁၀၀၀ တောင်းခံခြင်းများ ရှိသည်ဟုလည်း ဆိုသည်။

သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့တွင်းခရီးသွားခြင်းနှင့်ပတ်သက်၍ မြောက်ဥက္ကလာတွင် နေထိုင်သူ မမျိုးက ''မြောက်ဥက္ကလာကနေ ဆူးလေကို ၅၀၀ပေးရတယ်။ တစ်မှတ်တိုင်၊ နှစ်မှတ်တိုင်ကို ၃၀၀ပေးရတယ်''ဟု ပြောသည်။

သင်္ကြန်ကာလတွင် ယာဉ်စီးခများ ပိုမိုကောက်ခံခြင်း မပြုလုပ်ရန် ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (ဗဟို)မှ အကြောင်းကြားထားပြီး ဖြစ်သော်လည်း ပိုမိုကောက်ခံသည့် ယာဉ်လိုင်းများရှိခဲ့၍ အရေးယူသွားမည်ဖြစ်သည်။

၂၀၁၄ခုနှစ် သင်္ကြန်ကာလတွင် ရန်ကုန်မြို့တွင်း ယာဉ်စီးခပိုမိုကောက်ခံသည် တိုင်ကြားမှု ၁၀မှု ရှိခဲ့သည်။

No comments: