မင်းမင်း
မူဆယ်မြို့အစွန်ရှိ မြဝတီဘဏ်ကို ဧပြီ ၂၅ရက်၊ နံနက် ၄နာရီအချိန်တွင် လူနှစ်ဦးက သေနတ်ဖြင့် အချက်ပေါင်း ၄၀ကျော် ပစ်ခတ်သွားသည်ဟု မူဆယ်မြို့မရဲစခန်းမှ ရဲအုပ်အောင်လင်းထွန်းက မဇ္ဈိမကို အတည်ပြုပြောဆိုသည်။
" အခု လက်ရှိအနေအထားကတော့ ကျွန်တော်တို့ လုံခြုံရေးတွေဘာတွေ ယူထားရတယ်။ အလစ်ငိုက် ချောင်းပစ်သွားတဲ့သဘောပါ။ လူနှစ်ယောက်ပေါ့။ ပစ်တဲ့အသံကြားတာနဲ့ ကျွန်တော်တို့ ပိုက်စိပ်တိုက် ရှာပါတယ်။ နှစ်ဦးဆိုတာက ဘဏ်ကိုစောင့်တဲ့ လုံခြုံရေးက ပြောတာပါ" ဟု ရဲအုပ်အောင်လင်းထွန်းက ဧပြီလ ၂၅ရက်၊ ညနေပိုင်းတွင် ပြောသည်။
ပစ်ခတ်မှုကြောင့် လူထိခိုက်ဒဏ်ရာရမှု မရှိပေ။
ပစ်ခတ်သွားသည့် လက်နက်အမျိုးအစားမှာ M22ဖြစ်သည်ဟု ရဲအုပ်က အတည်ပြုပြီး လက်ရှိတွင် အဆိုပါ မြဝတီဘဏ်ကို ပိတ်ကာ ဘဏ်၏ ပတ်လည်တွင် လုံခြုံရေးယူထားရသည်ဟု ဆိုသည်။
"ဘဏ်က ပိတ်ထားပါတယ်။ လုံခြုံရေး အပြည့်အဝ ယူထားပါတယ်။ ပစ်ထားတဲ့အခါကျတော့ ပြုပြင်ရဦးမှာပေါ့" ဟု ရဲအုပ်အောင်လင်းထွန်းက ရှင်းပြသည်။
ပစ်ခတ်သူများကို ဧပြီ ၂၅ရက်၊ ညနေပိုင်းအထိ ဖမ်းမမိသေးဘဲ ရဲတပ်ဖွဲ့က ပိုက်စိပ်တိုက်ရှာဖွေနေသည်ဟု သိရသည်။
No comments:
Post a Comment