ထက်ထက်အောင်
လျှပ်စစ်ဓာတ်အား မလုံလောက်မှုကြောင့် နှစ်သစ်ကူးရုံးပိတ်ရက်များမှစ၍ ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ်များ အပါအ၀င် မြို့နယ်အချို့တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ရှိသော်လည်း လာမည့် ဧပြီလကုန်၌ လျှပ်စစ်ဓာတ်အား ပုံမှန် ပြန်ရတော့မည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်းမှ ဒုတိယ အင်ဂျင်နီယာချုပ် ဦးစောဝင်းမောင်က မဇ္ဈိမကို ပြောသည်။
၎င်းက “သင်္ကြန်ပြီးကာလ ဧပြီ ၁၉ ကနေ ၂၁ အထိ ကာလမှာ သုံးစွဲမှုများပြီး ဂက်စ်အင်ဂျင်တွေ လည်ပတ်ရတာ မနိုင်တော့လို့ လျှပ်စစ်ဓာတ်အား ဖြတ်တောက်မယ်လို့ ကြေညာပြီး ရန်ကုန်တိုင်းက မြို့နယ်၂၅ မြို့နယ်နဲ့ နယ်မြို့တချို့မှာ ဖြတ်တောက်ခဲ့တယ်။ ဧပြီလကုန်ရင်တော့ အကုန် ပုံမှန်ပြန်ဖြစ် သွားပါပြီ” ဟု ဆိုသည်။
ရန်ကုန်တိုင်း မြို့နယ်၂၅ မြို့နယ်တွင် ဧပြီ ၂၀ ရက်မှ စတင်ကာ မြို့နယ်အချို့၌ တစ်ရက်လျှင် နာရီဝက်မှ တစ်နာရီအထိ လျှပ်စစ်ဓာတ်အား ဖြတ်တောက်ခဲ့ရာ ရန်ကုန်မြို့ပတ်လမ်းအတွင်းရှိ မြို့နယ်များ မပါဝင်ခဲ့ပေ။
ရန်ကုန်တိုင်း ၊ သာကေတမြို့နယ်မှ မမျိုးမျိုးအေးက “သင်္ကြန်တွင်းကာလကတော့ တစ်နေ့ကို ငါးနာရီ လောက်တောင် မီးပြတ်တာကြုံခဲ့ရတယ်။ ကိုယ်တွေလိုပဲ တခြားမြို့နယ်က လူတွေလည်း ကြုံရတယ်ဆိုတာ လူမှုကွန်ရက်စာမျက်နှာတွေမှာ တွေ့ရတယ်။ ဒါပေမဲ့ နှစ်ဆန်း သုံးရက်က စပြီးတော့ လျှပ်စစ်မီး မှန်မှန် ရနေပါပြီ” ဟု ဆိုသည်။
ယင်းသို့လျှပ်စစ်ဓာတ်အားဖြတ်တောက်ရခြင်းမှာ လျှပ်စစ်ဓာတ်အား သုံးစွဲမှု များပြားလာသည့်အတွက် ဂက်စ်ဖြင့် လည်ပတ်သည့် အင်ဂျင်စက်များ မနိုင်၍ လောပိတအပါအ၀င် ရေအားဖြင့် လည်ပတ်သော စက်များ ဖြင့်သာ လျှပ်စစ်ဓာတ်အား အဓိက ဖြန့်ဖြူးပေးနေရ၍ ဖြစ်သည်ဟု ဦးစောဝင်းမောင်က ဆိုသည်။
တောင်ကြီးမြို့မှ ကိုကျော်လှိုင်ဝင်းကမူ “ အခု ဧပြီ ၂၁ ရက် ညအထိတော့ ညဘက်တွေမှာ နာရီဝက် တစ်နာရီလောက်အထိ မီးပြတ်နေတုန်းပဲ” ဟု ပြောသည်။
No comments:
Post a Comment